လီဗာပူးလ်ကို ဘာကာ အနိုင်ယူပြီးနောက် ‘ရပ်တန့်လို့ မရတဲ့’ မက်ဆီလို့ ကလော့ပ် ချီးကျူး

လီဗာပူးလ်ကို ဘာကာ အနိုင်ယူပြီးနောက် ‘ရပ်တန့်လို့ မရတဲ့’ မက်ဆီလို့ ကလော့ပ် ချီးကျူး
Photos: EPA & UCL

ယာဂန် ကလော့ပ်က မက်ဆီဟာ "ရပ်တန့်လို့ မရတဲ့" ကစားသမားဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်ဖို့ဆိုရင် လီဗာပူးလ်အနေနဲ့ အံ့သြဖွယ်ရာတစ်ခုကို လုပ်ပြဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဗယ်ဗာလ်ဒီကတော့ ဒုတိယအကျော့ အန်ဖီးလ်မှာ ယုံကြည်မှု လွန်ကဲမနေဖို့ အသင်းကို သတိပေးလိုက်ပါတယ်။

ဆွာရက်ဇ်က အသင်းဟောင်းနဲ့ တွေ့ဆုံတဲ့ပွဲမှာ တစ်ဂိုး သွင်းယူခဲ့ပြီး အသင်းခေါင်းဆောင်မက်ဆီက နောက်ကျ သွင်းဂိုး နှစ်ဂိုး သွင်းယူခဲ့ပြီး လီဗာပူးလ်ကို ၃-၀ ဂိုးနဲ့ အိမ်ကွင်းမှာ အနိုင်ယူခဲ့ပါတယ်။ 

မက်ဆီက ဒုတိယဂိုးကို ဖရီးကစ်ပြစ်ဒဏ်ဘောကနေ ဂိုးရဲ့ ညာဘက်ထောင့်ထဲ လှလှပပ တိုက်ရိုက် ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ဒီဂိုးဟာ သူ့အတွက် ဘာစီလိုနာကစားသမားဘဝ (၆၀၀) မြောက်သွင်းဂိုးဖြစ်လာခဲ့ပါတယ်။

"မက်ဆီဟာ ရပ်တန့်တားဆီးလို့မရတဲ့ ကစားသမားပါ။"လို့ ကလော့ပ်က ပွဲအပြီးမှာ ပြောပါတယ်။ "ကျနော်တို့ ဖရီးကစ်ကန်သွင်းမှုကို ရှင်းရှင်းလင်းလင်း မကာကွယ်နိုင်ခဲ့ပါဘူး။ ဘယ်လို ကန်ချက်မျိုးပါလိမ့်။ သူဟာ ကမ္ဘာ့အဆင့်မီ ကစားသမားတစ်ယောက်၊ ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် ကျနော် ဒါကို သိထားပြီးသားပါ။ ဒါဟာ အံသြစရာတော့ မရှိပါဘူး။"

မက်ဆီရဲ့ ဝေ့ဝိုက်ကန်ချက်ဟာ ဂိုးထောင့်ထဲ ဝင်သွားခဲ့တဲ့နောက်မှာ ကလော့ပ်ဟာ ပြုံးပဲပြုံးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဂိုးရလဒ်ဟာ သူ့အသင်းအတွက် ခက်ခဲသွားစေခဲ့ပါတယ်။

ပထမပိုင်းမှာ ဘာစီလိုနာက ပွဲကို စိုးမိုထားပြီး ဒုတိယပိုင်းမှာတော့ လီဗာပူးလ်အသင်းက ဖိအားပေးမှုတွေ လုပ်လာပြီး အခွင့်အရေးတချို့ရခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိပါဘူး။

"ဘာစီလိုနာလို အသင်းမျိုးနဲ့ ယှဉ်ပြိုင်တဲ့အခါ ကျနော်တို့ ဒီလိုမျိုးကစားနိုင်ခဲ့လို့် ဂုဏ်ယူခဲ့ကြောင်း ကျနော်ကောင်လေးတွေကို ပြောပါတယ်။ အဝေကွင်းမှာ ရှုံးနိမ့်မယ်ဆိုရင်တောင် ဒါဟာ ကြီးမားတဲ့ ပြဿနာမဟုတ်ပါဘူး။ ဂိုးတစ်ဂိုးသွင်းယူခဲ့ရင်တောင် ဒါက ဖြစ်ပျက်သွားနိုင်တာပဲ။ ဒါပေမယ့်ကျနော်တို့ ဂိုးတစ်ဂိုးတောင် မသွင်းနိုင်ခဲ့ဘူး။ ဒါက ဒီညရဲ့ ပြဿနာပါ။ ဒါ့ကြောင့် ကျနော်တို့အတွက် ပိုပြီးခက်ခဲသွားပါတယ်။"

မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၄၇ ဂိုးနဲ့ ၂၇ ဂိုး အသီးသီးစီ သွင်းယူထားပါတယ်။

ဘာကာနည်းပြ ဗယ်ဗာလ်ဒီက "သူတို့ (လီဗာပူးလ်)ဟာ ကျနော်တို့ကို ခံစားသွားအောင် လုပ်နိုင်သေးပါတယ်။ ရလဒ်ကတော့ ကောင်းမွန်ပေမယ့် ကစားပွဲက မပြီးဆုံးသေးပါဘူး။"လို့ ပြောဆိုသွားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly