Diet Drink တွေသောက်နေလား၊ သတိထားနော် လေဒီ

Diet Drink တွေသောက်နေလား၊ သတိထားနော် လေဒီ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   
အခုနောက်ပိုင်းခေတ်စားလာတဲ့အလေ့အထတစ်ခုက ခန္ဓာကိုယ်လှပဖို့ Gym ဆော့ကြတာပါ။ Gym ဆော့တာက ကျန်းမာရေးအတွက်အကျိုးပြုတဲ့လုပ်ဆောင်မှုတစ်ခုပေါ့။ ဒါပေမယ့်ပြောစရာရှိနေတာက Gym ဆော့ပြီးတဲ့အခါ အချိုရည်တွေသောက်ကြတာပါ။ ဝိတ်ကျဖို့ Gym ဆော့နေတဲ့သူတွေဆိုရင် ဝိတ်ကျချင်တာကြောင့် Diet Drink တွေကိုသောက်မိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ Diet Drinks သောက်နေတဲ့ လေဒီတွေအတွက် သိထားဖို့လိုမယ့် အချက်လေးတစ်ခုပြောပြပေးပါရစေနော်။
Diet Drinks ဆိုတာက

အချိုရည်တစ်မျိုးဖြစ်ပြီး ပြုပြင်ထားတဲ့ အချိုဓာတ်ထည့်သွင်းထုတ်လုပ်ထားတာပါ။ အဆီဓာတ်ပါဝင်မှုမရှိတာကြောင့် ကိုယ်အလေးချိန်ကျမှာကိုတော့ ပူစရာမလိုဘူးပေါ့။ အချိုဓာတ်ပါဝှု်မှုကလည်း နည်းပါတယ်။ ဝိတ်ကျချင်တဲ့သူတွေအတွက်တော့ အဆင်ပြေတဲ့သောက်စရာတစ်ခုပေါ့။
Diet Drink ကြောင့် ဒါတွေဖြစ်နိုင်ပါတယ်

မကြာသေးခင်က လုပ်ခဲ့တဲ့ လေ့လာမှုအရ Diet Drink တွေမှာပါတဲ့ ပြုပြင်ထားတဲ့ အချိုဓာတ်တွေကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါခံစားရနိုင်ပါတယ်။ ဒါတင်မကပါဘူး။ Diet Drinks သောက်တဲ့ လေဒီတွေဟာ သွေးဆုံးပြီးချိန်မှာ လေဖြတ်တာ၊ နှလုံးရောဂါခံစားရနိုင်ခြေပိုများနေသလို သေဆုံးနိုင်ခြေကလည်း အခြားသူတွေထက်ပိုများနေတယ်လို့ သိရပါတယ်။ Diet Drinks တွေကို ၁၀ နှစ်ကျော်ကြာစွဲသောက်တဲ့လေဒီတွေဟာ သွေးဆုံးပြီးနောက်ပိုင်းကာလတွေမှာ သွေးကြောလေးတွေ ပိတ်ဆို့တာကြောင့် နှလုံးရောဂါခံစားရနိုင်သလို၊ လေဖြတ်တာလိုမိုး နာတာရှည်ရောဂါတွေကိုလည်း ခံစားရနိုင်ပါတယ်။

Diet Drink တွေက သွေးကြောတွေထဲမှာ အနယ်အနှစ်တွေဖြစ်စေပြီး သွေးကြောကျဉ်းတာ၊ သွေးကြောပိတ်တာတွေဖြစ်စေနိုင်တာကြော့် လေဖြတ်ဝေဒနာခံစားရနိုင်ခြေကို ပိုများစေနိုင်ပါတယ်။ ဒီလေ့လာမှုကိုလုပ်ဆောင်ခဲ့တဲ့ ဒေါက်တာ Mossavar-Rahmani နဲ့ သူ့ရဲ့ အဖွဲ့ကတော့ Diet Drinks တွေက နှလုံးကျန်းမာရေးအပေါ် တိုက်ရိုက်ထိခိုက်စေတာမျိုး မရှိပေမယ့် Diet Drinks သောက်သုံးမှုကို ကန့်သတ်လိုက်ခြင်းက နှလုံးအပါအဝင်ကျန်းမာရေး ကောင်းစေဖို့ အထောက်အကူပြုပေးနိုင်တယ်၊လို့ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ အမောပြေစေဖို့နဲ့လန်းဆန်းစေဖို့ Diet Drinks တွေအစား ရိုးရိုးရေကိုပဲသောက်သုံးပေးတာအသင့်တော်ဆုံးပါ။

လေ့လာမှုအတွင်း သွေးဆုံးပြီး အမျိုးသမီး ၈၁၇၁၄ ဦးကို ၁၁ နှစ်ကျော်ကြာလေ့လာခဲ့ပါတယ်။ လေ့လာမှုအတွင်းနေ့စဉ် လေ့လာမှုမှာပါဝင်သူတွေရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးခဲ့ပါတယ်။ လေ့လာမှုမှာပါဝင်သူတွေက ကယ်လ်လိုရီနည်းတဲ့ ကိုလာ၊ ဆိုဒါနဲ့ သစ်သီးဖျော်ရည်တွေကိုသောက်သုံးခဲ့ကြပါတယ်။ လေ့လာမှုမှပါဝင်သူတွေဟာ ဆေးလိပ်သောက်တတ်လားဆိုတာနဲ့ သွေးတိုးရောဂါအခံရှိနေသလားဆိုတဲ့အချက်တွေကိုပါ ထည့်သွင်းလေ့လာခဲ့တာပါ။

လေ့လာမှုရလဒ်အနေနဲ့ တစ်ပတ်ကို နှစ်ကြိမ် ဒါမှမဟုတ် ၂ ကြိမ်ထက်ပိုပြီး Diet Drinks တွေကို သောက်သုံးတဲ့လေဒီတွေကအခြားသူတွေထက် လေဖြတ်နိုင်ခြေ ၂၃ ရာခိုင်နှုန်းပိုများနေပါတယ်။ ဒါတင်မကပါဘူး။ သွေးကြောထဲမှာသွေးခဲပိတ်ဆို့တကြောင့်လေဖြတ်နိုင်ခြေက ၃၁ ရာခိုင်နှုန်းပိုများပါတယ်။ ဒါ့အပြင်ရုတ်တရက်နှလုံးရပ်နိုင်ခြေနဲ့ နှလုံးရောဂါခံစားရနို်င်ခြေက  ၂၉ ရာခိုင်နှုန်းအထိပိုများနေပါတယ်။ ရုတ်ရက်သေဆုံးနိုင်ခြေကလည်း ပုံမှန်ထက် ၁၆ ရာခိုင်နှုန်းလောက်အထိကို ပိုများနေတာပါ။

နှလုံးရောဂါခံစားရဖူးတာ၊ ဆီးချိုရောဂါခံစားရဖူးတာမရှိဘူးဆိုရင်တောင်မှ Diet Drinks သာက်တဲ့အမျိုးသမီးတွေဟာ သွေးဆုံးပြီးချိန်မှာ အခြားသူတွေထက် ဦးနှောက်သွေးကြောပိတ်ဆို့ပြီး လေဖြတ်နိုင်ခြေက ပုံမှန်ထက် ၂ ဆလောက်ပိုများနေပါတယ်။
 တစ်နေ့ကို Diet Drink တွေ နှစ်ခွက် ဒါမှမဟုတ် နှစ်ခွက်ထက်ပိုမိုသောက်သုံးတဲ့အမျိုးသမီးတွေဟာ သွေးဆုံးပြီးချိန်မှာ လေဖြတ်နိုင်ခြေက တစ်ပတ်ကို Diet Drink တစ်ခွက်ပဲသောက်တဲ့သူတွေထက် ပိုများနေနိုင်ပါတယ်။

ဒီလေ့လာချက်က အမျိုးသားတွေအပေါ်မှာပါ မှန်ကန်နိုင်မလားဆိုတာကတေ့ နောက်ထပ်လေ့လာမှုတွေလုပ်ဆောင်ကြည့်ဖို့လိုအပ်မှာပါ။

Diet Drink သောက်သုံးမှုက ချက်ချင်းထိခိုက်မှုမရှိနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်မှာ ထိခိုက်မှုက တော်တော်လေးများလာနိုင်ပါတယ်။ ဒါကြောင့် အခုပြောခဲ့တဲ့ ကျန်းမာရေးပြဿနာတွေကနေ ကင်းဝေးစေဖို့အတွက် လေဒီတို့အနေနဲ့ Gym ဆော့ပြီးလို့မောတယ်ဆိုရင်တောင်မှ ရိုးရိုးရေကိုပဲသောက်ကြဖို့ တိုက်တွန်းပါရစေ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly