ပေါ်တိုအသင်းနဲ့ လေ့ကျင့်ခန်းဆင်းရာမှာ နှလုံးရောဂါပြဿနာကြောင့် ဆေးရုံသို့ ပို့ဆောင်လိုက်ရတဲ့ ဂန္တဝင် စပိန်ဂိုးသမားကြီး ကာဆီးလက်စ်

ပေါ်တိုအသင်းနဲ့ လေ့ကျင့်ခန်းဆင်းရာမှာ နှလုံးရောဂါပြဿနာကြောင့် ဆေးရုံသို့ ပို့ဆောင်လိုက်ရတဲ့ ဂန္တဝင် စပိန်ဂိုးသမားကြီး ကာဆီးလက်စ်

အီကာ ကာဆီးလက်စ်ဟာ ပေါ်တိုအသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေချိန်မှာ နှလုံးရောဂါပြဿနာခံစားရပြီးနောက် ဆေးရုံသို့ ပို့ဆောင်လိုက်တယ်လို့ ပေါ်တူဂီလာတဲ့ သတင်းတွေအရ သိရပါတယ်။

စပိန်အသင်းနဲ့ ၂၀၁၀ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် ဂိုးသမားဟာ ဆေးရုံမှာ အခြေအနေတည်ငြိမ်မှုတစ်ရပ်မှာ ရှိပြီး အခြေအနေ စောင့်ကြည့်နေရတဲ့အောက်မှာ ရှိတယ်လို့ သိရပါတယ်။

ကာဆီးလက်စ်ဟာ ဒီတပတ် Aves အသင်းနဲ့ တွေ့ဆုံမယ့် လိဂ်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ခန်းဆင်းခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီရေဒီယိုလိုင်း RTP အရ ကာဆီးလက်စ်ဟာ myocardial infarction လို့ခေါ်တဲ့ နှလုံးရောဂါကို ခံစားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အလျင်အမြန်ကုသမှု လုပ်နိုင်ခဲ့လို့ ချက်ချင်း အန္တရာယ်မဖြစ်ခဲ့တာဖြစ်ပါတယ်။

သူဟာ ဆေးရုံမှာ ရှိနေပြီး ပေါ်တူဂီလိဂ်ရာသီပြီးဆုံးချိိန်အထိ ပေါ်တိုအသင်းအတွက် ပြန်လည် ကစားဖို့ကို ခန့်မှန်းလို့မရသေးဘူးလို့ သိရပါတယ်။

ကာဆီးလက်စ်ဟာ ငယ်ဘဝကလပ် ရီးယဲလ်အသင်းအတွက် ၁၉၉၉ ခုနှစ်မှ စတင်ပွဲထွက်ကစားခဲ့သူဖြစ်ပါတယ်။ သူဟာ ဘာနေဗျူးမှာ ၁၆ နှစ်အထိ ကစားခဲ့ပါတယ်။

ကာဆီးလက်စ်ဟာ ရီးယဲလ်ကလပ်အသင်းနဲ့ ကစားဘဝမှာ ၂၀၀၀၊ ၂၀၀၂ နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။ သူဟာ လာလီဂါဖလား ၅ လုံးနဲ့ ဘုရင့်ဖလား ၂ လုံးလည်း ရရှိခဲ့ပါတယ်။

ဒါ့အပြင် သူဟာ စပိန်လက်ရွေးစင်အသင်းမှာ ပွဲပေါင်း ၁၆၇ ကစားခဲ့ပြီး ယူရို ၂၀၀၈ နဲ့ ၂၀၁၂ မှာ နှစ်ကြိမ်စလုံး ဖလားဆွတ်ခူးရရှိခဲ့ပါတယ်။

Ref; Daily Mail
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly