အထက်မင်းလှ၊ ပျဉ်းပင်စမ်းကျေးရွာသို့ ရေဂါလံ ၃၇၀၀ ကျော် သွားရောက်လှူဒါန်း

အထက်မင်းလှ၊ ပျဉ်းပင်စမ်းကျေးရွာသို့ ရေဂါလံ ၃၇၀၀ ကျော် သွားရောက်လှူဒါန်း

မင်းလှ၊ မေ ၁ ။       ။ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ် ၊ ကျောက်ပန်းတောင်းကျေးရွာအုပ်စု၊ ပျဉ်းပင်စမ်းကျေးရွာသို့ မြို့နယ်တာဝန်ရှိသူများက ရေဂါလံ ၃၇၀၀ ကျော် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အပူပိုင်းဒေသဖြစ်၍ အိမ်ခြေ ၄၆ အိမ်ရှိပြီး လူဦးရေ ၁၄၇ ဦးနေထိုင်လျှက်ရှိသော ပျဉ်းပင်စမ်းကျေးရွာတွင် သောက်သုံးရေ ပြတ်လပ်မှု ဖြစ်ပေါ်မည်စိုး၍ ယခုကဲ့သို့ ရေသွားရောက်လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မော်တော်ယာဉ် ၆ စီးတွင် သောက်သုံးရေများတင်ဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး ထင်အောင်လင်း၊မြို့နယ်မီးသတ်မှ မီးသတ်ဦးစီးမှူး ဦးဝေဖြိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းထွန်း၊မြို့နယ်စည်ပင်မှ ဦးစီးမှူး ဦးမျိုးနိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီး ဦးမင်းဇော်ဟန် အပါအဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော ပူးပေါင်းရေလှူဒါန်းမှူကို ယနေ့ မေ ၁ ရက်နေ့၊ နံနက်ပိုင်း က သွားရောက်ခဲ့ကြခြင်းဖြစ်သည်ဟု မြို့နယ်မီးသတ်မှ မီးသတ်ဦးစီးမှူး ဦးဝေဖြိုးအောင်က ပြောသည်။

ထို့အပြင် မင်းလှမြို့ပေါ်ရပ်ကွက်များအနက် ဧရာဝတီကမ်းပါးပြိုမှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု ၁၀၀ ကျော်အား မြို့နယ်စည်ပင်မှ အဖွဲ့ပိုင်မော်တော်ယာဉ်ဖြင့် တစ်ရက်ခြား ရေလှူဒါန်းပေးလျှက်ရှိနေပြီး အမှတ်(၆) ရပ်ကွက်၊အမှတ်(၇)ရပ်ကွက်၊ အမှတ်(၁၀)ရပ်ကွက်များအတွင်းမှ မြို့နယ်စည်ပင်ရေပိုက်လိုင်းသွယ်တန်းခြင်းမပြုနိုင်သေးသည့် အရပ်ဒေသများသို့လည်း တစ်ရက်ခြား ရေလှူဒါန်းပေးမှုများ လုပ်ဆောင်ပေးလျှက်ရှိကြောင်းမြို့နယ်စည်ပင်ဦးစီးမှူး ဦးမျိုးနိုင်က ပြောသည်။

မကွေးတိုင်းဒေသကြီးသည် ရာသီဥတု ပူပြင်းပြီး နွေရာသီတွင် ရေပြတ်လပ်မှု ဖြစ်ပေါ်လေ့ရှိသော ဒေသလည်း ဖြစ်ကာ နှစ်စဉ် ရေလှူဒါန်းမှုများ ပြုလုပ်ကြရခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly