သိမ်ငယ်စိတ်ဟာ ဘဝတစ်ခုလုံးကို ဘယ်လိုဝါးမြိုသွားနိုင်လဲ

သိမ်ငယ်စိတ်ဟာ ဘဝတစ်ခုလုံးကို ဘယ်လိုဝါးမြိုသွားနိုင်လဲ

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လူတွေဟာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လာရင် ပေါ့သေးသေးလို့ပဲ မှတ်ယူကြတယ်။ ဖွင့်ပြောရမှာ ရှက်ရွံ့တာကြောင့်၊ ကိုယ့်ရဲ့ အခြေအနေကို ပတ်ဝန်းကျင်က သိသွားတဲ့အခါ အထင်သေးမှာ၊ ကဲ့ရဲ့ဝေဖန်ကြမှာ ကြောက်ရွံ့တာကြောင့် ကိုယ့်ရဲ့ စိတ်အခြေအနေကို လူတော်တော်များများက ဖွင့်မပြောပဲ ရင်ထဲမှာပဲ မြိုသိပ်ထားလိုက်ကြတယ်။

တကယ်တော့ ဒါဟာ ရောဂါပျောက်ကင်းသွားတာ မဟုတ်ပါဘူး။ အနာကို သဲနဲ့ ခဏဖုံးထားလိုက်နိုင်ရုံသက်သက်ပါပဲ။ စိတ်နဲ့ ပတ်သက်တဲ့ ပြဿနာတော်တော်များများဟာ ကျွမ်းကျင်တဲ့ စိတ်ရောဂါကုထုံးပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ သေချာဆွေးနွေးတိုင်ပင်ဖို့ လိုအပ်တယ်။

ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့အတွက်လည်း အချိန်ပေးရမယ်။ နေထိုင်ပုံနဲ့ စိတ်ဓာတ်၊ အတွေးအခေါ်တွေကို အကောင်းဘက်ကို ပြောင်းလဲလာအောင် ကြိုးစားရမယ်။ ကိုယ်ချစ်တဲ့သူတွေဆီကနေ စိတ်ခွန်အားတွေ၊ အသက်ရှင်ရပ်တည်ဖို့ တွန်းအားတွေ ရယူရမယ်။ ဒါမှပဲ စိတ်ရောဂါတွေကို တိုက်ထုတ်နိုင်ပြီး ဘဝဟာ အေးချမ်းပျော်ရွှင် အဓိပါ္ပယ်ရှိလာမှာပါ။
သိမ်ငယ်စိတ်ဆိုတာ ဘာလဲ။

သိမ်ငယ်စိတ်ကနေ စတင်ဖြစ်တည်လာတဲ့ စိတ်ရောဂါကို Inferiority Complex (IC) လို့ ခေါ်ပါတယ်။

ပုံမှန်လူတွေမှာ သိမ်ငယ်စိတ်ဝင်လာတဲ့အခါ ပိုပြီး ကြိုးစားဖို့၊ အောင်မြင်မှုပန်းတိုင်ကို တက်လှမ်းနိုင်ဖို့ ခွန်အားဖြစ်စေပေမယ့် သိမ်ငယ်စိတ်အခံ စိတ်ရောဂါရှိသူတွေအတွက်တော့ အစဉ်အမြဲ စိတ်ဆင်းရဲ ပူလောင်တာ၊ စိတ်အလိုမကျတာ၊ မပြီးပြည့်စုံသလို ခံစားနေရမှာပါ။

သိမ်ငယ်စိတ်ဆိုတာ အချိန်ကြာတဲ့အထိ မကုသပဲ ထားထားလိုက်လို့ ပျောက်ကင်းသွားနိုင်တဲ့ စိတ်ရောဂါမဟုတ်ပါဘူး။ ငယ်စဉ် ကလေးဘဝကနေ ဘဝရဲ့ နောက်ဆုံးထွက်သက်အချိန်ထိကို ဒီသိမ်ငယ်စိတ်က ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ဒုက္ခပေးနေမှာပါ။
ဘယ်လိုအကြောင်းရင်းတွေကြောင့် သိမ်ငယ်စိတ်ဖြစ်လာရတာလဲ။
၁။ မိဘတွေရဲ့ တင်းကြပ်လွန်းတဲ့ အပြုအမူတွေ

သားသမီးတွေ ဘယ်လောက် ကြိုးစားနေပါစေ စိတ်တိုင်းမကျတာ၊ အကောင်းမမြင်တာ၊ အပြစ်တင်ဝေဖန်တာ၊ တခြားသူတွေနဲ့ မကြာခဏ နှိုင်းယှဉ်လွန်းတာ၊ အမှားကို မျက်စိဒေါက်ထောက်လိုက်ရှာတတ်တဲ့ မိဘတွေရဲ့ အပြုအမူတွေဟာ လူမှန်းသိတတ်စအရွယ် ကလေးတွေကို သိမ်ငယ်စိတ်စတင်ဖြစ်လာစေတဲ့ အကြောင်းရင်းတွေပါပဲ။
၂။ မိမိကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ စိတ်တိုင်းမကျခြင်း

ကိုယ့်ရဲ့ မျက်နှာ၊ ရုပ်ရည်၊ အသားအရေ၊ ကိုယ်ခန္ဓာအချိုးအစား၊ ကိုယ်အလေးချိန်၊ အရပ်အမြင့်၊ ခွန်အား၊ စကားပြောဆိုပုံ၊ နေပုံထိုင်ပုံ အစရှိတဲ့ ရုပ်ပိုင်းဆိုင်ရာအချက်တွေကို စိတ်တိုင်းမကျလွန်းတာ၊ မုန်းတီးတာ၊ မကောင်းမြင်တာ၊ ကိုယ့်ကိုယ်ကို သူများနဲ့ အမြဲနှိုင်းယှဉ်တာကြောင့်လည်း သိမ်ငယ်စိတ်ကို ဖြစ်စေနိုင်ပါတယ်။
၃။ ကိုယ့်ဘဝကို အားမရ၊ စိတ်တိုင်းကျကျေနပ်မှုမရှိတာ

ကိုယ် ဒီလောက်ကြိုးစားပါရက်နဲ့ သူများတွေဆီက အသိအမှတ်ပြုခြင်း မခံရတာ၊ မျှော်လင့်ချက်ကြီးကြီးမားမား ထားသလောက် ပြန်ရလိုက်တဲ့ ရလဒ်က အားရဖွယ်မရှိတာ၊ ကိုယ့်ထက် အမြင့်နေရာမှာ ရောက်နေတဲ့သူတွေနဲ့ အမြဲနှိုင်းယှဉ်ပြီး ကိုယ့်ဘဝကို တွေးရင်း အားငယ်တာ၊ မနာလိုစိတ်ဖြစ်ပေါ်တာ အစရှိတဲ့ စိတ်အလိုမကျမှုတွေဟာလည်း သိမ်ငယ်စိတ်ကြီးထွားလာစေဖို့ အဆိပ်ပင် ရေလောင်းလိုက်သလိုပါပဲ။
၄။ လူမှုရေးပြဿနာများနှင့် ခွဲခြားဆက်ဆံခံရခြင်း

မိသားစု၊ လူမျိုး၊ ဘာသာရေး၊ အသားအရောင်၊ လိင်စိတ်ခံယူမှု၊ လိင်စိတ် တိမ်းညွတ်မှု၊ မိမိကိုယ်ကို လိင်သတ်မှတ်မှု၊ ငွေရေးကြေးရေး အစရှိတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လူမှုပတ်ဝန်းကျင်က ခွဲခြားဆက်ဆံတာ၊ ဝေဖန်တာ၊ နှိမ့်ချပြောဆိုတာကြောင့်လည်း သိမ်ငယ်စိတ်တွေဟာ ရင်ထဲမှာ ကိန်းအောင်းလာနိုင်ပါတယ်။
၅။ စိတ်ထိခိုက်မှု ဝေဒနာပြင်းထန်ခြင်း

ငယ်စဉ်ကတည်းက ဆွေမျိုးတွေ၊ သူစိမ်းတွေရဲ့ ညှင်းပန်းနှိပ်စက်မှု၊ စော်ကားမှုတွေကို ခံခဲ့ရတာ၊ မုဒိမ်းမှုအပြုကျင့်ခံရတာ၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံရတာ၊ မေတ္တာကို ငတ်မွတ်ခဲ့ရတဲ့ ကလေးငယ်တွေမှာ ပြင်းထန်တဲ့ စိတ်ထိခိုက်ဒဏ်ရာတွေ၊ သိမ်ငယ်စိတ်တွေ ရနိုင်ပြီး ဒါတွေဟာ ကိုယ့်ရဲ့ ဘဝနောက်ကနေ အရိပ်မည်းကြီး တစ်ခုလို ကပ်ပါလာနိုင်ပါတယ်။
သိမ်ငယ်စိတ်ဟာ ဘဝတစ်ခုလုံးကို ဘယ်လို ဒုက္ခပေးနိုင်လဲ။

၁။ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ဘဝအခြေအနေ၊ ကိုယ့်ရဲ့ စိတ်ခံယူမှု အတိုင်းအတာပေါ် မူတည်ပြီး သိမ်ငယ်စိတ်ဟာ အနှေးနဲ့ အမြန် စိတ်နဲ့ ခန္ဓာကို ဒုက္ခပေးပြီး ဘဝတစ်ခုလုံး ရှင်လျက်နဲ့ သေရတာထက် ပိုဆိုးစေနိုင်ပါတယ်။

၂။ မေတ္တာမရခဲ့တဲ့ ကလေးတွေ ကြီးလာတဲ့အခါ လူကြီးတွေဆီက မရခဲ့တဲ့ မေတ္တာကို မိတ်ဆွေအပေါင်းအသင်း၊ ချစ်ရသူ၊ ဇနီး၊ ခင်ပွန်းတွေဆီကနေ အမြဲလိုအပ်နေမယ်။ စွဲလမ်းစိတ်တွေ ဖြစ်လာမယ်။ ဘယ်လိုဖြည့်ဖြည့် မပြည့်နိုင်တဲ့ တွင်းနက်ကြီးထဲ ကျသွားသလို ခံစားရမယ်။

၃။ လူကြီးမိဘတွေရဲ့ အသိအမှတ်ပြုခြင်း မခံရတဲ့ ကလေးတွေမှာလည်း လူမှုပတ်ဝန်းကျင်နဲ့ ဝင်မဆံ့တာ၊ သဟဇာတမဖြစ်တာ၊ ကိုယ်တစ်ယောက်ကတည်း လောကရဲ့ အပြင်ဘက်မှာ သီးခြားရပ်တည်နေရသလို ဖြစ်ပြီး အထီးကျန်ဆန်နိုင်ပါတယ်။

၄။ အမြဲတမ်း အထီးကျန်ဆန်သလို ခံစားရမယ်။ တခြားသူအပေါ်မှာ မနာလိုစိတ်တွေ ပြင်းထန်တာ၊ မိမိကိုယ်ကို စိတ်တိုင်းမကျတာ၊ မကျေမနပ်ဖြစ်လာမယ်။ အရာရာကို မကောင်းမြင်မယ်။

၅။ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတတ်တော့ဘူး။ ဘဝဟာ မီးခိုးရောင်ပြာကျသလို အသက်ရှင်နေရတဲ့ နေ့ရက်တိုင်းဟာ ပူလောင်နေမယ်။ အဓိပါ္ပယ်မဲ့နေမယ်။ အောက်ဆုံးအခြေအနေအထိ စိတ်ဓာတ်ကျသွားမယ်။ နောက်ဆုံး ကိုယ့်ရဲ့ ဘဝကို အဆုံးစီရင်လိုက်သည်အထိ ဖြစ်လာနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly