ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ

ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


မိန်းမတို့ဘုန်း ဆံထုံး တဲ့။  မြန်မာတွေရဲ့အမြင်မှာ ဆံကေသာအလှဟာ မိန်းကလေးတစ်ယောက်ရဲ့အလှတရားထဲ ၇၀ ရာခိုင်နှုန်းလောက်အရေးပါနေပါတယ်။ မယုံရင် ကိုယ့်ဆံပင်ကိုယ် ကတုံးတုံးကြည့်ပါ။ သီလပြည့်ဝလို့ ကြည်လင်နေတဲ့မယ်သီလရှင်တွေကလွဲလို့ အပြင်မှာဆံပင်မပါတဲ့ အမျိုးသမီးတွေ ပိုလှလာတာနည်းပါတယ်။

ဆံပင်ပုံစံနဲ့ မလိုက်တာနဲ့တင် ကိုယ့်ရုပ်ရည်အသွင်အပြင်က ပြောင်းကိုပြောင်းလဲသွားပါတယ်။ ဒီတော့ ဆံသားပျက်စီးလာလို့ အရင်လိုမလှနိုင်တော့မှာကို မစိုးရိမ်ကြဘူးလား။ ဆံပင်ကျိုးပြတ်တာတွေ၊ ဆံသားပျက်စီးတာတွေကို ကုသဖြေရှင်းဖို့က ဗြူးရှင်းဆလွန်းတွေမှာ ခေါင်းထိုးအပ်လိိုက်ရုံနဲ့ အရာရာပြည့်စုံပြီထင်နေတာလား။ ကုထုံးဘယ်လောက်ကောင်းကောင်း ကိုယ်တိုင်ဂရုစိုက်ဖို့လည်းလိုပါတယ်။ အရင်ဆုံး –
ဆံပင်နဲ့ပတ်သက်တဲ့ လုပ်နေကျအမူအကျင့်တွေကိုပြောင်းလဲပါ

ဆံပင်အလှအပအတွက် ကိုယ်လုပ်နေကျအမူအကျင့်တွေကို ပြောင်းလဲပါ။ ဥပမာ ဆံပင်ဖြောင့်စက် မကြာခဏဆွဲတာ၊ ဓာတုပြင်းတဲ့ဆေးတွေသုံးတာ၊ ဆံပင်ခြောက်ခံစက်သုံးတာတွေက ဆံသားကိုပျက်စီးစေတယ်။ ဒါ့ကြောင့် ဓာတုမပြင်းတဲ့ ပေါင်းဆေး၊ခေါင်းလျှော်ရည်တွေသုံးပြီး ခေါင်းလျှော်တိုင်း ဆံပင်ကို သဘာဝအတိုင်းအခြောက်ခံပါ။ ကိုယ်က ကုသရတဲ့အနေအထားဖြစ်နေတော့ သဘာဝပစ္စည်းနဲ့ထုတ်လုပ်ထားတာရှာမရရင် baby shampoo လေးတွေသုံးတာလည်း အဆင်ပြေနိုင်ပါတယ်။
ဆံပင်ပျော့ဆေးသုံးပါ

ဓာတုပါဝင်မှုမပြင်းတဲ့ ဆံပင်ပျော့ဆေးကိုရွေးချယ်ပြီးသုံးပေးရင် ဆံသားအစိုဓာတ်ကို ထိန်းညှိပေးတဲ့အတွက် လိမ်ကောက်ရှုပ်ထွေးမှုတွေမဖြစ်စေပါဘူး။ ဆံသားကိုချောမွေ့ပြီး ပျော့ပျောင်းစေလို့ ဒီအချိန်မှာ ပိုအထောက်အကူဖြစ်စေပါတယ်။
စိတ်ဖိစီးမှုလျှော့ပါ

စိတ်ဖိစီးမှုဆိုးရွားလွန်းရင် ဆံသားကိုပါထိခိုက်စေပြီး  telogen effluvium လို့ခေါ်တဲ့ ဆံပင်ကျွတ်ရောဂါတစ်မျိုးဖြစ်စေနိုင်ပါတယ်။စိတ်ဖိစီးမှုက ကိုယ့်မှာဆံပင်ပျက်စီး၊ ဆံပင်ကျွတ်ရတဲ့အကြောင်းရင်းသာဆိုရင် စိတ်ကိုဖြေလျှော့ဖို့ ကြိုးစားသင့်ပါတယ်။
စားသောက်မှုပုံစံပြောင်းပါ

ကိုယ်စားသုံးနေတဲ့အစားအသောက်တွေမှာ အရက်ဘီယာ၊အပူအစပ်၊ပြုပြင်စီမံထားတဲ့အစားအစာတွေလိုမျိုး ကျန်းမာရေးနဲ့မညီတာတွေ ပါဝင်နေမယ်ဆိုရင် ပြောင်းလဲသင့်ပါတယ်။ ဒါတွေကြောင့် ဆံပင်ပျက်စီးရနိုင်ပါတယ်။  ကြက်ဥနဲ့ ငါးတွေမှာ ဆံသားကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ biotin ပါရှိပြီး အစေ့အဆန်မှာ ဆံပင်သန်စေတဲ့ selenium ပါရှိပါတယ်။ အကောင်းဆုံးက omega-3 fatty acids ၊ ပရိုတင်း၊ ဗီတာမင် ဒီ၊ သံဓာတ်နဲ့ဇင့်တို့ လုံလောက်အောင်စားသုံးပါ။
ကြိုတင်ကာကွယ်ဖို့

ဆံသားပျက်စီးမှုကိုကာကွယ်ဖို့ဆို ဒီအချက်တွေကို မမေ့ပါနဲ့ –

  •     ခေါင်းလျှော်ပြီးရင် conditioner သုံးပါ။
  •     ခေါင်းလျှော်ရည်ကို ဦးရေပြားပေါ်မှာနှိပ်နယ်ပြီး ရေနဲ့ဆေးကြောချပါ ( ခေါင်းလျှော်ရည်တွေစွတ်ထည့်ပြီး အတင်းပွတ်တာထက်)
  •     ရေကူးကန်ထဲဆင်းမယ်ဆိုရင် ဆံသားကို ရေကူးကန်ထဲက ကလိုရင်းနဲ့တခြားဓာတုပစ္စည်းတွေမထိအောင် ကာကွယ်ဖို့ ခေါင်းစွပ်စွပ်ပါ။
  •     ဆံပင်ခြောက်ဖို့အတွက် တဘက်နဲ့ပတ်ပြီး ရေစုပ်အောင်လုပ်ပြီးမှ သဘာဝအတိုင်းဖြန့်ပြီးအခြောက်ခံပါ။
  •     ဆံပင်မခြောက်ခင် ဖြီးတာ၊ dryer နဲ့မှုတ်တာ မလုပ်ပါနဲ့။
  •     အပူကိုအသုံးပြုတဲ့ ဆံပင်အလှအပအသုံးအဆောင်တွေ ချင့်ချိန်သုံးပါ။ ဖြောင့်စက်၊ ကောက်စက်ဆွဲတာတွေကို တစ်ခါတလေ လိုအပ်မှသုံးပါ။
  •     အရောင်ဆိုးတာလည်း ခဏခဏမလုပ်ပါနဲ့။
  •     ခေါင်းစည်းကြိုးကို တင်းတင်းကြီးမစည်းပါနဲ့။
  •     ခေါင်းဖြီးရင် ညင်သာပါ။ တဗြန်းဗြန်းနဲ့ ဆောင့်မဖြီးချပါနဲ့။

ဆံပင်၏ကောင်းခြင်းနဲ့ပြည့်စုံတဲ့ အလှကို ရရှိပိုင်ဆိုင်နိုင်ပါစေနော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly