ကလေးတွေမှာ အဖြစ်များတဲ့ မျက်စိအနီးမှုန်ခြင်း

ကလေးတွေမှာ အဖြစ်များတဲ့ မျက်စိအနီးမှုန်ခြင်း

ရေးသားသူ Ye Myo Myat
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အနီးမှုန်တယ်ဆိုတာဘာလဲ။

အဝေးမှာရှိတဲ့ အရာဝတ္ထုတွေကို ကြည်လင်ပြတ်သားစွာ မြင်ရပေမယ့် အနီးအနားမှာ ရှိတဲ့အရာတွေကို သေချာကြည့်လို့ မရတာ၊ မမြင်ရတာ၊ အမြင်မှုန်ဝါးနေတဲ့ ပြဿနာကို အနီးမှုန်ခြင်း (Farsightedness) လို့ ခေါ်ပါတယ်။ အနီးမှုန်တဲ့ ကလေးတွေမှာ ကျောက်သင်ပုန်းပေါ်မှာ ရှိတဲ့ စာကို သေချာဖတ်လို့ မရတာ၊ စာမမြင်ရတဲ့အတွက် ပညာရေးမှာ လွတ်ဟင်းသွားတာ၊ သေချာအာရုံစိုက်လို့မရတာတွေ ဖြစ်နိုင်ပါတယ်။
အနီးမှုန်တာက ကြီးမှဖြစ်တာလား။

အဝေးမှုန်တာနဲ့ မတူဘဲ များသောအားဖြင့် မွေးကတည်းက ဒီလိုအမြင်အာရုံချို့ယွင်းတဲ့ ပြဿနာတွေ ရှိနေတတ်ပါတယ်။ မိဘမျိုးရိုးလိုက်ပြီး မျက်စိအနီးမှုန်တာလည်း ရှိသလို ကြီးလာမှ မျက်စိမှုန်တဲ့ သူတွေလည်း ရှိပါတယ်။
ဘယ်လိုလက္ခဏာတွေ ရှိလဲ။

၁။ ကိုယ့်အနားမှာ ရှိနေတဲ့ အရာဝတ္ထုတွေကို ကွဲကွဲပြားပြား မမြင်ရတာ

၂။ အနားမှာ ရှိတဲ့ အရာတွေကို ကြည့်ဖို့ မျက်စိအားစိုက်ရတာ

၃။ မျက်စိပူတာ၊ မျက်ရိုးကိုက်တာ၊ မျက်စိပတ်ပတ်လည်မှာ အကြောတက်သလို ကိုက်ခဲနေတာ

၄။ စာဖတ်တာ၊ စာရေးတာ၊ ပုံဆွဲတာ ကြာသွားရင် မျက်စိက အရမ်းညောင်းပြီး ကိုက်နေတာ၊ ခေါင်းကိုက်လာတာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။
လူကြီးပိုင်းတွေမှာ ဘယ်လိုဂရုစိုက်ဖို့လိုလဲ။

အနီးမှုန်တဲ့ ပြဿနာက လူကြီးတွေမှာ ဖြစ်တာဆိုရင် အမြင်အာရုံချို့ယွင်းတာ တစ်မျိုးတည်းမဟုတ်ဘဲ တခြားမျက်စိနဲ့ သက်ဆိုင်တဲ့ရောဂါတွေကိုပါ စစ်ဆေးဖို့ လိုအပ်လာပါပြီ။ အကောင်းဆုံးကတော့ အသက် ၄၀ အရွယ်မှာ မျက်စိအမြင်အာရုံနဲ့ ရောဂါတွေ ရှိ၊ မရှိကို ဆေးခန်းမှာ သေချာစစ်ဆေးကြည့်သင့်ပါတယ်။ ပုံမှန် ၂နှစ် တစ်ခါလောက် မျက်စိအမြင်အာရုံကို စမ်းသပ်စစ်ဆေးကြည့်မှ ကိုယ့်ရဲ့ အခြေအနေကို ဆရာဝန်က သေချာဆုံးဖြတ်ပေးပြီး လိုအပ်တဲ့ ဆေးကုသမှုတွေကို စောစီးစွာ လုပ်ဖို့ အကြံပေးနိုင်မှာပါ။
ကလေးတွေနဲ့ လူငယ်တွေမှာ အနီးမှုန်လာတဲ့အခါ ဘယ်လိုကူညီပေးသင့်လဲ။

ကျောင်းနေအရွယ် ကလေးတွေမှာ အမြင်အာရုံချို့ယွင်းတဲ့ကိစ္စက ကျောင်းစာမှာ ထိခိုက်ရုံသာမက တခြားသော လူမှုရေးပိုင်းမှာ ပြဿနာတွေ ကြုံလာရနိုင်ပါတယ်။ ဒီပြဿနာကြောင့် အတန်းထဲက ကလေးတွေ လှောင်ပြောင်ကြတာ၊ အနိုင်ကျင့်တာအပြင် ကိုယ့်ရဲ့ အခြေအနေကို စိတ်အားငယ်မှုတွေ၊ သိမ်ငယ်စိတ်တွေ ဖြစ်လာနိုင်ပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ကလေးမှာ မျက်စိမှုန်နေတဲ့၊ မျက်စိကို အားစိုက်ပြီး ကြည့်နေရတဲ့ အမူအရာတွေ တွေ့ရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။
အမြင်အာရုံစစ်ဆေးဖို့ ဘယ်အရွယ်မှာ စလုပ်ပေးသင့်လဲ။

ဒီပြဿနာက စောစောသိလေ ကလေးအတွက်လည်း ပိုပြီးကောင်းလေပါပဲ။ အစောဆုံးအနေနဲ့ အသက် ၆လအရွယ်မှာ ပထမအကြိမ်၊ ၃နှစ်အရွယ်မှာ ဒုတိယအကြိမ် စစ်ဆေးသင့်ပါတယ်။ ကျောင်းမတက်ခင်နဲ့ ကျောင်းတက်ပြီးနောက်ပိုင်း ၂နှစ်ခြား တစ်ခါ စစ်ဆေးမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။
အနီးမှုန်ခြင်းကြောင့် ဘာပြဿနာတွေ ကြုံလာနိုင်လဲ။

အမြင်အာရုံ ချို့ယွင်းခြင်းဟာ ကလေးရဲ့ စာသင်ကြားရေး၊ နေ့စဉ်လူမှုရေးနဲ့ နေထိုင်မှုဘဝပုံစံကိုပါ ထိခိုက်စေနိုင်ပါတယ်။ စာကို ကောင်းကောင်းမမြင်ရတဲ့အခါ ကျောင်းစာတွေ လွတ်သွားမယ်။ စာဖတ်ရဖို့ အရမ်းအာရုံစိုက်ရတော့ မျက်စိက ပိုပြီးကိုက်ခဲလာမယ်။ အာရုံကြောတွေ အားနည်းလာမယ်။ မျက်စိမှုန်နေတဲ့အတွက် ခလုတ်တိုက်တာ၊ ကားလမ်းကူးတဲ့အခါ အန္တရာယ်၊ မတော်တဆမှုတွေနဲ့ ကြုံလာနိုင်တယ်။ မိဘတွေအတွက်လည်း သားသမီးအခြေအနေကို ကြည့်ပြီး အမြဲရင်တထိတ်ထိတ်နဲ့ စိုးရိမ်ပူပန်နေရမှာပါ။
မျက်စိအနီးမှုန်တဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။

ကိုယ့်ရဲ့ ကလေးမှာ အမြင်အာရုံချို့ယွင်းတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုတာနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ လိုအပ်မယ်ဆိုရင် ကလေးရဲ့ မျက်စိပါဝါကို သေချာစမ်းပြီးမှ ပါဝါ ပါတဲ့ မျက်မှန်၊ မျက်ကပ်မှန်တွေ တပ်ပေးပါ။ မျက်စိဆရာဝန်ထံ တစ်နှစ်တစ်ကြိမ်လောက် ပုံမှန်ပြသပြီး မျက်စိစစ်ဆေးမှု ပြုလုပ်ပေးပါ။ အမြင်အာရုံအတွက် ဗီတာမင် အေ ပါဝင်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ များများကျွေးပေးပါ။

ကလေးကို ဖုန်းအကြာကြီးပေးသုံးတာ၊ တီဗီအကြာကြီး ကြည့်ခိုင်းတာမျိိုး မလုပ်သင့်ပါဘူး။ လျှပ်စစ်ပစ္စည်းက ထွက်လာတဲ့ ဓာတ်ရောင်ခြည်တွေဟာ ကလေးရဲ့ မျက်လုံးကို ထိခိုက်စေနိုင်ပြီး မျက်စိပါဝါကို ပိုတက်စေနိုင်တာကြောင့်ပါ။ အချိန်အကြာကြီး မျက်စိအလုပ်လုပ်ပြီးတိုင်း နာရီဝက်လောက် မျက်စိအနားပေးဖို့၊ ရေများများသောက်ဖို့နဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ မိဘတွေအနေနဲ့ သေချာဂရုစိုက်ပေးသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly