စပါး ၀-၁ အေဂျက်စ်၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ စပါးတို့ မျှော်လင့်ချက် ရှိနေသေးတယ်လို့ ပိုချက်တီနို ပြော

စပါး ၀-၁ အေဂျက်စ်၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ စပါးတို့ မျှော်လင့်ချက် ရှိနေသေးတယ်လို့ ပိုချက်တီနို ပြော
Photos: AFP & EPA

အေဂျက်အသင်းဟာ အင်္ဂါနေ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဗန်ဒါဘေ့ခ်ရဲ့ အစောပိုင်းသွင်းဂိုးနဲ့ စပါးကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ၂၃ နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲကို တက်ရောက်ဖို့ နီးစပ်သွားပါတယ်။ ဒါပေမယ့် စပါးအသင်းနည်းပြ ပိုချက်တီနိုကတော့ သူ့အသင်းဟာ "မျှော်လင့်ချက်"ရှိနေသေးတယ်လို့ ပြောဆိုသွားပါတယ်။

ဒဏ်ရာရနေတဲ့ ဟယ်ရီကိန်းနဲ့ ပွဲပယ် ဆွတ်ဟောင်မင်တို့ မပါဝင်နိုင်တာကြောင့် တော့တင်ဟမ်အတွက် ဆိုးရွားစေခဲ့ပါတယ်။ အေဂျက်တို့ကတော့ ဗန်ဒါဘေ့ခ်ရဲ့ ပွဲချိန် (၁၅) မိနစ်မှာ သွင်းတဲ့ဂိုးကြောင့် ပထမပိုင်းတစ်ပိုင်းလုံးကို လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။

ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတဲ့ ဗာတွန်ဂမ် ထွက်သွားခဲ့ရပေမယ့် စပါးတို့ဟာ ဒုတိယပိုင်းမှာ ကစားပုံ ကောင်းမွန်လာခဲ့ပါတယ်။ ဒါပေမယ့် ထိပ်တန်း တိုက်စစ်မှူး နှစ်ယောက်မပါတာကြောင့် အလုပ်မဖြစ်ခဲ့ပဲ လိုအပ်တဲ့ ချေပဂိုးကို သွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

"ကျနော်တို့ အသုံးပြုခဲ့တဲ့ ၃-၅-၂ ပုံစံနဲ့ စခဲ့တာဟာ အမှားတစ်ခုဖြစ်ခဲ့တယ်လို့ ကျနော် လက်ခံနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ သိပ်ပြီး များများစားစား ရွေးချယ်စရာမရှိပါဘူး။"လို့ ပိုချက်တီနိုက ပြောပါတယ်။

"ကျနော် မပျော်ရွင်ပါဘူး။ ဒါပေမယ့် အစပိုင်းမှာ ကျနော်တို့ အသင်းရဲ့ အင်အားကင်းမဲ့မှုက ပွဲကို ခက်ခဲစေပါတယ်။ ကျနော်တို့ဟာ နည်းနည်း မသေမချာဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျနော်တို့ ပိုပိုပြီး ကောင်းလာခဲ့တယ်။ ဖိအားလည်း ပေးသွားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ကစားပုံက ဒုတိယအကျော့အတွက် ကျနော်တို့ကို မျှော်လင့်ချက် ပေးခဲ့တယ်လို့ ကျနော် ထင်ပါတယ်။"

အေဂျက်အသင်းဟာ လူငယ်တွေ အများကြီးနဲ့ ဖွဲ့စည်းထားတာဖြစ်ပေမယ့် ရီးယဲလ်မက်ဒရစ်ကို ရှော့ရစေခဲ့သလို ဆီမီးဖိုင်နယ်အဆင့် တက်လှမ်းဖို့ ဂျူဗင်တပ်စ်ကိုလည်း အဝေးကွင်းမှာ အနိုင်ယူခဲ့ပါတယ်။ ဒီလိုပဲ စပါးနဲ့ ပွဲမှာလည်း သူတို့ဟာ ယုံကြည်အပြည့်နဲ့ စတင်ခဲ့ပါတယ်။

ဇီယော့ရှ် ဖန်တီးပေးတာကို ဗန်ဒါဘော့ခ်က စပါးအသင်းရဲ့ လူကျွံဖမ်းကစားမှုကို ဖောက်ထွက်ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ အပိုင်ကန်သွင်းယူခဲ့ပါတယ်။

"ဒါက အံ့သြဖွယ် ညနေခင်းတစ်ခု၊ အံ့သြဖွယ်ရာ ရလဒ်တစ်ခုဖြစ်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။"လို့ အေဂျက်စ်နည်းပြ အဲရစ် တန်ဟတ်ချ်က ပြောပါတယ်။

"ပွဲအစပိုင်းမှာ ကျနော်တို့ မာကျောတယ်။ ကျနော်တို့ ပွဲကို လုံးဝ စိုးမိုးခဲ့ပြီး ကောင်းမွန်ထူးခြားတဲ့ ဂိုးတစ်ဂိုး သွင်းယူခဲ့တယ်။"

ပိုချက်တီနိုကတော့"ဒီလိုမျိုးပုံစံနဲ့ ကျနော်တို့ ဂိုးပေးလိုက်ရတာဟာ အရမ်းနာကျင်ခံစားရပါတယ်။ သူတို့က ကျနော်တို့ထက် ပိုတဲ့ အင်အားကို ပြသခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ထင်ပါတယ်။ ပွဲချိန် မိနစ် ၃၀ နောက်ပိုင်းမှာတော့ ကျနော်တို့ ချေပဂိုးရဖို့ စတင်ခဲ့ပါတယ်။" ပြောပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly