ကျွမ်းကျင်လုပ်သားများဖြစ်ရန် အလုပ်သမားများကိုယ်တိုင် အားထုတ်ရန်လိုဟု သမ္မတဆို

ကျွမ်းကျင်လုပ်သားများဖြစ်ရန် အလုပ်သမားများကိုယ်တိုင် အားထုတ်ရန်လိုဟု သမ္မတဆို
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန် ၊ မေ ၁ ။        ။ ကျွမ်းကျင်လုပ်သားများ ဖြစ်စေရန် နိုင်ငံတော်မှ ဆောင်ရွက်ပေးနေသော်လည်း အလုပ်သမားများ ကိုယ်တိုင် အားထုတ်ရန်လည်း လိုအပ်နေသည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောဆိုလိုက်သည်။

မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သမ္မတ၏ သဝဏ်လွှာတွင် အထက်ပါအတိုင်း ထည့်သွင်းရေးသားထားခြင်းလည်း ဖြစ်သည်။

“စျေးကွက်မှ တောင်းဆိုနေသည့် ကျွမ်းကျင်လုပ်သားများ ဖြစ်စေရန် အလုပ်သမားများကိုယ်တိုင်က အားထုတ်ရန်လည်း လိုအပ်ပါသည်” ဟု သမ္မတ၏ သဝဏ်လွှာတွင် ရေးသားထားသည်။

လက်ရှိတွင် ကျွမ်းကျင်မှု ရန်ပုံငွေ ထူထောင်နိုင်ရန်အတွက် အစိုးရအနေဖြင့် တည်ဆဲအလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို ပြင်ဆင်ရေးဆွဲနေသည်ဟုလည်း သမ္မတက ဆိုသည်။

ယင်းအပြင် ခေတ်ကာလနှင့် သင့်တော်သည့် အလုပ်သမား လျော်ကြေးများ ရရှိနိုင်ရန် ဥပဒေပြင်ဆင်ရေးဆွဲနေပြီး မသင့်တော်သည့် ဥပဒေများကို ပြင်ဆင်ခြင်း ၊ အသစ်ရေးဆွဲခြင်းများကို ဆောင်ရွက်နေသည်ဟု သဝဏ်လွှာထဲတွင် ပါရှိသည်။

အစိုးရအနေဖြင့် အလုပ်သမားများ၏ ဘဝမြင့်မားရန် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းများကို အလေးပေး ဆောင်ရွက်နေပြီး ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရန် အလုပ်ရှင် ၊ အလုပ်သမား နှင့် သက်ဆိုင်ရာဌာနများ နားလည်မှုရှိရှိ ကြိုးပမ်းကြရန်လည်း သမ္မတက သဝဏ်လွှာထဲတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly