အာရှယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် မြန်မာအသင်း ခြေစစ်ပွဲအောင်

အာရှယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် မြန်မာအသင်း ခြေစစ်ပွဲအောင်
Photo: MFF

ဧပြီ ၃၀ ။      ။  အာရှယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် ဒုတိယအဆင့်ခြေစစ်ပွဲအဖြစ် ဧပြီ ၃၀ ရက်နေ့၊ ည ၇ နာရီက မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်းတွင် နီပေါနှင့် မြန်မာ ယူ-၁၉ အသင်းတို့ယှဉ်ပြိုင်ရာ မြန်မာအသင်း အနိုင်ရရှိခဲ့ပြီး  ၆ နှစ်ကြာ ဝေးကွာနေပြီးနောက် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

နီပေါယူ-၁၉ အမျိုးအသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာမြန်မာအသင်းမှ တစ်ယောက် ထုတ်ပယ်ခံရသော်လည်း မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းက (၂- ၁) ဂိုး ဖြင့် အနိုင်ရခဲ့သည်။

" ဒီနေ့ ပွဲ ပထမပိုင်းမှာ အသင်းက အမှားတွေများပြီး ကစားပုံတည်လို့ မရဘဲ ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရပါတယ်။ ဒုတိယပိုင်း ပြန်အစမှာတော့ အကောင်းဆုံးနဲ့ ကစားသမားတွေ အစွမ်းကုန် ကြိုးစားကစားပေးခဲ့လို့ ခြေစစ်ပွဲ အောင်မြင်ခဲ့ပါပြီ။ တစ်ယောက်လျော့နဲ့ အကောင်းဆုံး ကစားပေးခဲ့တဲ့  ကစားသမားတွေကိုလည်း ချီးကျူးပါတယ်။ ကစားသမားတွေအတွက် အားဖြစ်စေခဲ့တဲ့ လာရောက်အားပေးကြတဲ့ ပရိသတ်တွေကိုလည်း အထူး ကျေးဇူးတင်ပါတယ်။ အာရှ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်မှာတော့ ဒီ့ထက်ပိုပြီး အများကြီး ကြိုးစားရဦးမှာပါ" ဟု နည်းပြချုပ် ဒေါ်သက်သက်ဝင်း (မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်း)က ပြောသည်။

လက်ရှိတွင် AFC U-19 Women's Championship Thailand 2019 နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ မြန်မာအသင်း၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်းအသင်း၊ ဂျပန်အသင်း၊ မြောက်ကိုရီးယားအသင်း၊ တရုတ်အသင်း၊ သြစတြေးလျအသင်း၊ တောင်ကိုရီးယားအသင်းနှင့် ဗီယက်နမ်အသင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

AFC U-19 Women's Championship Thailand 2019 ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိမည့် အသင်းများအနေဖြင့် လာမည့် ၂၀၂၀ ကမ္ဘာ့ဖလား အမျိုးသမီး ယူ-၂၀ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်လည်း ဖြစ်သည်။

မြန်မာလက်ရွေးစင်ယူ၁၉ အမျိုးသမီးအသင်းအနေဖြင့် ၂၀၀၂ ၊ ၂၀၀၇ ၊၂၀၁၃ ခုနှစ်များတွင် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင်  အာရှယူ-၁၉ အမျိုးသမီးပြိုင်ပွဲများတွင် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိတော့ပေ။

ပွဲကစားပြီးချိန်တွင် မြန်မာလက်ရွေးစင်ယူ-၁၉ အမျိုးသမီးအသင်းကို  KBZ Bank နှင့် AYA bank တို့မှ ကျပ် သိန်း၂၀၀ စီ နှင့် မြန်မာအမျိုးသမီးဘောလုံးကော်မတီမှ ကျပ်သိန်း ၁၀၀ စီ ချီးမြှင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly