မေလအတွင်း ကျင်းပမည့် ONE Championship ပြိုင်ပွဲကြီး ၃ ရပ်

မေလအတွင်း ကျင်းပမည့် ONE Championship ပြိုင်ပွဲကြီး ၃ ရပ်

မေလသည် ONE Championship ပရိသတ်များအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံးလတစ်လဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းလအတွင်း ONE ပြိုင်ပွဲကြီး (၃) ပွဲကို သီတင်းပတ် တစ်ပတ်စီခြားကာ ကျင်းပသွားရန် စီစဉ်ထားသောကြောင့်ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလအတွင်း ပြိုင်ပွဲကြီး တစ်ပွဲသာ ကျင်းပခဲ့သည့် ONE သည် မေလ ပထမပတ်တွင် ONE: For Honor ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံတွင် လည်းကောင်း၊ ဒုတိယပတ်တွင် ONE: Warriors of Light ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် လည်းကောင်း၊ တတိယပတ်တွင် ONE: Enter the Dragon ပြိုင်ပွဲကို စင်ကာပူနိုင်ငံတွင် လည်းကောင်းကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲများတွင် ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲများ၊ Super Series မွေထိုင်း ပွဲစဉ်များ၊ Kickboxing World Grand Prix ကွာတားဖိုင်နယ်ပွဲစဉ်များကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သဖြင့်  ပရိသတ်များအတွက် စိတ်ဝင်စားဖွယ်ရာ ပွဲကောင်းများ ဖြစ်လာမည်ဖြစ်သည်။

ONE: For Honor (မေလ ၃ ရက်နေ့၊ အင်ဒိုနီးရှားနိုင်ငံ)

ဂျာကာတာမြို့ရှိ Istora Senayan အားကစားရုံတွင် ကျင်းပမည့် For Honor ပြိုင်ပွဲကြီးသည် မွေထိုင်းလက်ဝှေ့သမားများနှင့် အိမ်ရှင် အင်ဒိုနီးရှားကစားသမားများ အစွမ်းပြမည် ပြိုင်ပွဲတစ်ခုဖြစ်သည်။ အဓိကပွဲစဉ်တွင် ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံ Sam-A Gaiyanghadao နှင့် စိန်ခေါ်သူ အင်္ဂလန်နိုင်ငံသားလူငယ်ကစားသမား Jonathan Haggerty တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဂန္တဝင်လက်ဝှေ့သမားကြီးအဖြစ်သတ်မှတ်ခံထားရသူ Sam-A သည် ပွဲပေါင်း ၄ဝဝ ကျော် ထိုးသတ်ထားသူဖြစ်ပြီး ထိုင်းပြည်တွင်း ချန်ပီယံခါးပတ်များကို အကြိမ်ကြိမ် သိမ်းပိုက်ခဲ့သူဖြစ်သည်။ စိန်ခေါ်သူ Haggerty သည် အသက် ၂၂ နှစ် အရွယ်သာရှိသေးသော်လည်း ISKA ကမ္ဘာ့ချန်ပီယံ၊ WBC နိုင်ငံတကာချန်ပီယံနှင့်  Roar Combat League ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲများကို အနိုင်ရရှိထားသူဖြစ်သည်။ ထို့ကြောင့် အဆိုပါပွဲစဉ်သည် မွေထိုင်းအားကစားကို စိတ်ဝင်စားသည့် ပရိသတ်များအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုများ ပေးစွမ်းနိုင်မည့် ပွဲစဉ်ဖြစ်သည်။

ဒုတိယအဓိကပွဲစဉ်တွင် ယှဉ်ပြိုင်ကစားကစားမည့် ဂျပန်နိုင်ငံသား ဝါရင့်ကစားသမားကြီး Yushin Okami နှင့် ကာဂျစ်စတန် ထိပ်တန်းကစားသမား Kiamrian Abbasov တို့ရင်ဆိုင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ဤပွဲစဉ်သည်လည်း စိတ်ဝင်စားဖွယ်ရာ ကောင်းသည်။ ဂျပန်နှင့် နိုင်ငံတကာထိပ်တန်းပြိုင်ပွဲများတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူ Okami ၏ ပထမဆုံး ONE ပွဲဦးထွက်ပွဲစဉ်ကို ရှုစားကြရမည်ဖြစ်သည်။ အလားတူ ဂျပန်နိုင်ငံမှ ZST ပြိုင်ပွဲ၏ ဝယ်လ်တာဝိတ်တန်းချန်ပီယံဟောင်း Tetsuya Yamada နှင့် ONE ၏ ဖယ်သာဝိတ်တန်းချန်ပီယံဟောင်း Marat Gafurov တို့၏ ပွဲသည်လည်း တစ်နည်းတစ်ဖုံ စိတ်ဝင်စားဖွယ်ရာဖြစ်သည်။

အခြားစိတ်ဝင်စားဖွယ်ကောင်းသောပွဲစဉ်များမှာ မွေထိုင်းလက်ဝှေ့အကျော်အမော် ထိုင်းနိုင်ငံသား Yodpanomrung Jitmuangnon နှင့် ကနေဒါနိုင်ငံသား Tyler Hardcastle တို့၏ Super Series မွေထိုင်းပွဲစဉ်၊ အိမ်ရှင် အင်ဒိုနီးရှားကစားသမား Priscilla Hertati Lumban Gaol နှင့် ကမ္ဘောဒီယားသူ Nou Srey Pov တို့၏ အမျိုးသမီးအက်တမ်ဝိတ်တန်းပွဲစဉ်၊ မလေးရှားနိုင်ငံသား Keanu Subba နှင့် ဂျပန်နိုင်ငံသား Ryogo Takahashi တို့၏ ဖယ်သာဝိတ်တန်းပွဲစဉ်များ ဖြစ်ကြသည်။

ONE: Warriors of Light (မေလ ၁ဝ ရက်နေ့၊ ထိုင်းနိုင်ငံ)

ဘန်ကောက်မြို့ရှိ Impact Arena အားကစားရုံကြီးတွင် ကျင်းပမည့် Warriors of Light ပြိုင်ပွဲသည်လည်း အိမ်ရှင် ထိုင်းနိုင်ငံ၏ မွေထိုင်းအားကစားနည်းကို အသားပေးကျင်းပသည့်ပြိုင်ပွဲဖြစ်သည်။ အဓိကပွဲစဉ်တွင် ONE ၏ ဘန်တန်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံ အိမ်ရှင်နိုင်ငံသား Nong-O Gaiyanghadao က ၎င်း၏ ပထမဆုံးချန်ပီယံ ကာကွယ်ပွဲအနေဖြင့် စိန်ခေါ်သူ ဂျပန်နိုင်ငံသား Hiroaki  Suzuki နှင့် ထိုးသတ်ရမည် ဖြစ်သည်။ ပွဲပေါင်း ၃ဝဝ ကျော် ထိုးသတ်ထားပြီး ထိုင်းနိုင်ငံ၏ သက်ရှိထင်ရှား ဂန္တဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ Nong-O သည် Sam-A ကဲ့သို့ပင် ထိုင်းပြည်တွင်း ချန်ပီယံခါးပတ်ပေါင်းများစွာကို သိမ်းပိုက်ထားသူဖြစ်သည်။ စိန်ခေါ်သူ Suzuki မှာလည်း ဂျပန်၏ Shootboxing ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဖြစ်ထားသူဖြစ်သဖြင့် ၎င်းတို့၏ပွဲစဉ်မှာ အကြိတ်အနယ်ရှိမည် ဖြစ်သည်။

ဒုတိယအဓိကပွဲစဉ်အဖြစ် အိမ်ရှင်မွေထိုင်းကစားသမား Petchdam Petchyindee Academy နှင့် အယ်ဂျီးရီးယား ကစားသမား Elias  Mahmoudi တို့က ဖလိုင်းဝိတ်တန်း Kickboxing ကမ္ဘာ့ချန်ပီယံလုပွဲကို ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ဤပွဲသည်လည်း ပွဲကောင်းတစ်ပွဲဖြစ်သည်။ အသက် ၂ဝ အရွယ်သာရှိသေးသူ Petchdam သည် ထိုင်းပြည်တွင်းပွဲပေါင်း ၁ဝဝ ကျော် ကစားထားပြီး မွေထိုင်းကမ္ဘာ့ချန်ပီယံခါးပတ်ကိုလည်း ရရှိခဲ့ဖူးသူဖြစ်သည်။ ပြိုင်ဘက် Mahmoudi မှာ အယ်ဂျီးရီးယားလူမျိုးဟု ဆိုသော်လည်း ထိုင်းနိုင်ငံတွင်ပင် နေထိုင်ကာ မွေထိုင်းလက်ဝှေ့ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ပြီး ချန်ပီယံဆုများရယူထားသူဖြစ်သဖြင့် အိမ်ရှင်နှင့်မခြား ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် စုစုပေါင်း ပွဲစဉ် ၁၂ ပွဲ ပါဝင်သည့်အနက် ၆ ပွဲမှာ အိမ်ရှင်ထိုင်းနိုင်ငံသားများ၏ ပွဲများဖြစ်ကာ မွေထိုင်းပွဲစဉ်လည်း ၄ ပွဲ ပါဝင်သဖြင့် အိမ်ရှင်ပရိသတ်များ၏ အားပေးမှု ရရှိနိုင်မည့် ပြိုင်ပွဲကြီးဖြစ်သည်။

ONE: Enter the Dragon (မေလ ၁၇ ရက်နေ့၊ စင်ကာပူနိုင်ငံ)

ONE Championship အခြေစိုက်ရာ စင်ကာပူနိုင်ငံတွင် ကျင်းပမည်ဖြစ်သဖြင့် အကောင်းဆုံးပွဲတစ်ပွဲ ဖြစ်လာစေရန် တွဲဆိုင်းများ အကောင်းဆုံးတွဲဆိုင်းများ ရွေးချယ်ထည့်သွင်းထားသည့်ပြိုင်ပွဲဖြစ်သည်။ အဓိကတွဲဆိုင်းအဖြစ် ဂျပန်မြေတွင် ပူပူနွေးနွေး လိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်ထားသူ Shinya Aoki ကို အိမ်ရှင် စင်ကာပူနိုင်ငံသား Christian Lee က စိန်ခေါ်သည့်ပွဲစဉ်ကို စီစဉ်ထားသည်။ DEEP ၊ DREAM ၊ Shooto နှင့် World Alliance of MMA ပြိုင်ပွဲများတွင် ချန်ပီယံခါးပတ်များ သိမ်းပိုက်ခဲ့ဖူးသူ ဝါရင့်ကစားသမားကြီး Aoki သည် သူ၏ တစ်ကျော့ပြန် ONE ချန်ပီယံခါးပတ်ကို ကာကွယ်ရန်အတွက် ရေကုန်ရေခမ်း ကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်သည်။ အသက် ၂ဝ အရွယ်သာရှိသေးသည့် Lee ကလည်း အစ်မဖြစ်သူ Angela Lee ကဲ့သို့ ကမ္ဘာ့ချန်ပီယံခါးပတ်ရယူ၍ အောင်မြင်မှုများသိမ်းပိုက်လိုသူတစ်ဦးဖြစ်ရာ ၎င်းတို့၏ပွဲမှာ စိတ်လှုပ်ရှားဖွယ်ရသပေးစွမ်းနိုင်မည့် ပွဲစဉ်တစ်ခုပင်ဖြစ်သည်။

ဒုတိယအဓိကပွဲစဉ်အဖြစ် လိုက်ဝိတ်တန်း Kickboxing ကမ္ဘာ့ချန်ပီယံလုပွဲကို ကျင်းပမည်ဖြစ်ပြီး မွေထိုင်းဥရောပချန်ပီယံ နယ်သာလန်နိုင်ငံသား Nieky Holzken နှင့် ၁၄ ပွဲဆက်တိုက် အနိုင်ရထားသည့် တစ်နိုင်ငံတည်းသား Regian Eersel တို့၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုကြရမည်ဖြစ်သည်။

 ထို့ပြင်ဤပြိုင်ပွဲကြီးတွင် ဖယ်သာဝိတ်တန်း Kickboxing World Grand Prix ပွဲစဉ်များကိုပါ ထည့်သွင်းကျင်းပမည်ဖြစ်ရာ Giorgio Petrosyan ၊Yodsanklai IWE Fairtex နှင့် Andy Souwer တို့ ကဲ့သို့သော နာမည်ကျော်ကစားသမားများ၏ပွဲစဉ်များကို  ကြည့်ရှုကြရမည်ဖြစ်သည်။ အခြားထူးခြားချက်တစ်ခုအနေဖြင့် UFC မှ အသစ်ခေါ်ယူထားသည့် လူငယ်ကြယ်ပွင့်ကစားသမား Sage Northcutt ၏ ONE Championship ပွဲဦးထွက် ပွဲစဉ်ကိုလည်း ကြည့်ရှုကြရမည်ဖြစ်ရာ ဤပွဲစဉ်သည်လည်း ပရိသတ်များ လက်လွတ်မခံသင့်သည့်ပွဲတစ်ခုပင် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly