ကျေးလက်ဒေသ မီးလင်းရေးအတွက် အီတလီနိုင်ငံ ထံက ယူရိုသန်း(၃၀) ချေး

ကျေးလက်ဒေသ မီးလင်းရေးအတွက် အီတလီနိုင်ငံ ထံက ယူရိုသန်း(၃၀) ချေး

ရန်ကုန် ၊ ဧပြီ ၃၀ ။            ။ မြန်မာ့ကျေးလက်ဒေသ မီးလင်းရေးအတွက် အီတလီနိုင်ငံထံမှ ယူရို သန်း (၃၀) ကို Soft Loan Agreement ဖြင့် မြန်မာ- အီတလီ နှစ်နိုင်ငံ လက်မှတ်ရေးထိုးပြီး ချေးယူခဲ့သည်ဟု အမျိုးသားလျှပ်စစ်ဓါတ်အား ရရှိရေး စီမံကိန်း (NEP-IT) က ဧပြီလ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အီတလီအစိုးရ၏ ချေးငွေဖြင့် လုပ်ဆောင်မည့် အမျိုးသားလျှပ်စစ်ဓါတ်အား ရရှိရေး စီမံကိန်းသည်  မြန်မာနိုင်ငံ အနောက်ဘက် ချင်းပြည်နယ်အပါအဝင် အနီးတဝိုက်ရှိ ဒေသများ အတွက် မီးလင်းရေးဆောင်ရွက်ရန် လုပ်ဆောင်သွားမည်လည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံး ဒေသဖြစ်သည့် ချင်းပြည်နယ်ကို မီးလင်းမှုရရှိစေရန် အီတလီနိုင်ငံကို ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။

“အီတလီ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ ဆင်းရဲမွဲတေမှုကို အမြစ်ဖြတ်ရန် နှင့် ရေရှည် ဖွ့ံဖြိုး တိုးတက်မှုကို အထောက်အကူပြုရန်အတွက် အဓိကသော့ချက်ဖြစ်သည့် ကျေးလက်ဒေသမီးလင်းရေးအတွက် အရေးပါသော စိန်ခေါ်မှု တစ်ခုကို ပူးပေါင်းပါဝင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အီတလီ သံအမတ်ကြီး Ms.Alessandra Schiavo က ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိ စွမ်းအင်သုံးစွဲမှုသည် ကမ္ဘာပေါ်တွင် အနိမ့်ဆုံးဖြစ်နေပြီး နိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံသာ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်အသုံးပြုနေကာ ၈၄% သော ကျေးလက်နေ အိမ်ထောင်စုများသည် မီးမရရှိသေးပေ။

လက်ရှိစီမံကိန်းသည် မဟာဓာတ်အားလိုင်းစနစ်မှ မီးမရရှိသည့် ကျေးရွာများနှင့် နောင်လာမည့် ၁၀ နှစ်အတွင်း မီးမရရှိနိုင်သည့် ဒေသများကို ပြုလုပ်ရန် ရွေးချယ်ထားပြီး စီမံကိန်း ပြီးဆုံးပါက အိမ်ထောင်စုပေါင်း ၅ ဒဿမ ၅ သန်း ခန့် မီးရရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly