မြန်မာ့ရေထွက်ပစ္စည်းတင်ပို့မှုအတွက် တရုတ်ပြည်စျေးကွက်ကို လက်လွတ်မခံသင့်ဟုဆို

မြန်မာ့ရေထွက်ပစ္စည်းတင်ပို့မှုအတွက် တရုတ်ပြည်စျေးကွက်ကို လက်လွတ်မခံသင့်ဟုဆို
ဓာတ်ပုံ - ဖူးအိအိနွယ်

ဧပြီ ၃ဝ၊ ရန်ကုန် ။     ။ မြန်မာ့ရေထွက်ပစ္စည်း ပြည်ပသို့ တင်ပို့မှုကဏ္ဍအတွက် တရုတ်နိုင်ငံသည် လက်လွတ်မခံသင့်သော စျေးကွက် ဖြစ်ကြောင်း  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

"တရုတ်ပြည်က အခု သူ့နိုင်ငံမှာ မွေးရုံနဲ့ မလောက်တော့ဘူး။ သူ့စျေးကွက်က အရမ်းကြီးမားပြီးတော့ သူ့ရဲ့ ပြည်သူတွေရဲ့ စားသုံးနိုင်မှုစွမ်းအားက မြင့်မားလာတဲ့အခါကျတော့ ငါးတွေ၊ ပုစွန်တွေ တအားစားတယ်။ အဲ့တော့ သူတို့ရဲ့ ထုတ်လုပ်မှုနဲ့ မလောက်တဲ့အခါကျတော့ သူတို့က ပြည်ပနိုင်ငံတွေက သွင်းပြီး စားရတဲ့ အခါကျတော့ ကျွန်တော်တို့လို အိမ်နီးချင်း စရိတ်သက်သက်သာသာနဲ့ ပို့နိုင်တဲ့ နိုင်ငံက တင်ပို့ခွင့်ရမယ်ဆိုရင် သူတို့အတွက်ရော ကျွန်တော်တို့အတွက်ရော အင်မတန်ကောင််းမွန်တဲ့ အခွင့်အရေးပါ။ ဒီအခွင့်အရေးက ကျွန်တော်တို့ လက်လွတ်မခံသင့်ဘူးလို့ ယုံကြည်တယ်" ဟု ၄င်းက ပြောသည်။

မြန်မာ့ရေထွက်ပစ္စည်းတင်ပို့မှုကဏ္ဍအနေဖြင့် တရုတ်ပြည်ကို စျေးကွက်အရ ဦးတည်ချက်ထားနေရပြီး  နည်း ပညာပိုင်းအရလည်း အားကိုးရမည့် အခြေအနေရှိကြောင်း  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ပြောသည်။

"တရုတ်နိုင်ငံထဲမှာ ကျွန်တော်တို့ လိုချင်တဲ့ နည်းပညာပေါ့။ တရုတ်ပြည်က အရမ်းတိုးတက်တဲ့ အခါကျတော့ ငါးပုစွန်မွေးမြူတဲ့ နည်းပညာက အရမ်းအဆင့်မြင့်တယ်။ ကျွန်တော်တို့ သွားပြီးတော့ လေ့လာကြည့်တဲ့အခါမှာ ကျွန်တော်တို့ မျှော်မှန်းထားတာထက်တောင် ပိုပြီးတော့ တိုးတက်တဲ့ အခြေအနေရှိတယ်။ နောက် အဲ့ဒီနည်း ပညာကို အထောက်အကူပြုမယ့် စက်ပစ္စည်းကိရိယာတွေ အများကြီးပဲ။ ဒီမွေးမြူရေးသုံးတဲ့ လုပ်ငန်းသုံး ပစ္စည်း တွေ တရုတ်ပြည်က အဖြစ်မည်အောင် ထုတ်နိုင်တယ်။ နောက် အစာစက်တွေကို ခေတ်မီအောင် ထုတ်နိုင် တယ်။ နောက် အအေးခန်းစက်တွေလည်း ခေတ်မီအောင် ထုတ်နိုင်တဲ့အခါကျတော့ နည်းပညာပိုင်းလည်း ကျွန်တော်တို့က အတုယူရမယ့် သဘောရှိတယ်" ဟု  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ရေထွက်ပစ္စည်းကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံမှာ ပထမအကြီး ဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပင်လယ်ငါး၊ ပုစွန်များ အဓိက တင်ပို့နေပြီး ငါးရှဉ့်၊ ဂဏန်းများအပြင် မွေးမြူရေးငါးတန်များကိုပါ ထပ်တိုး တင်ပို့မှု ရှိလာသည်ဟု  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required