ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ထိုင်းချေးငွေ ရယူဆောင်ရွက်သွားရန် လျှပ်စစ်ဒုဝန်ကြီး တင်ပြ

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ထိုင်းချေးငွေ ရယူဆောင်ရွက်သွားရန် လျှပ်စစ်ဒုဝန်ကြီး တင်ပြ
ဓာတ်ပုံ - LYNN BO BO/EPA

နေပြည်တော်၊ ဧပြီ ၃၀ ။              ။ ရန်ကုန်တိုင်းအတွင်းရှိ မြောက်ဥက္ကလာပမြို့နယ်နှင့်  ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်များတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုကောင်းမွန်စေရန် ထိုင်းနိုင်ငံမှ ချေးငွေယူကာ လုပ်ငန်းများအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးကို ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က တင်ပြခဲ့သည်။

အဆိုပါလျှပ်စစ်စီမံကိန်းကို ထိုင်းနိုင်ငံ Neighbouring Countries Development Cooperation Agency (NEDA)ထံမှ ၁၄၅၈.၂၄၈ သန်း ရယူကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ စတင်ကာ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ အပြီးသတ်ဆောင်ရွက်ရန် လျာထားသည်ဟု ဒုဝန်ကြီးက ပြောကြားသည်။

“စီမံကိန်းကို အဆင့် ၂ ဆင့် နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး ပထမဆင့် အနေနဲ့ မြောက်ဥက္ကလာပ မြို့နယ်မှာ ၆၆ကေဗွီ GIS ဓာတ်အားခွဲရုံ ၃ရုံ စုစုပေါင်း ၁၈၀ အမ်ဗွီအေ Install Capacity ကို တည်ဆောက်သွားမည် ဖြစ်ပြီး အဆိုပါခွဲရုံများသို့ သွယ်တန်းရန် လိုအပ်သည့် ၆၆ ကေဗွီ ဓာတ်အားလိုင်း ၅ လိုင်း စုစုပေါင်း ၅၃ ကေဗွီဓာတ်အားလိုင်း တည်ဆောက်ရန်အတွက် ဘတ် ၁၁၉၀.၄၉၄ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်" ဟု ၄င်းက ပြောကြားသည်။

ဒုတိယအဆင့်အနေဖြင့် “ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ၁၁ကေဗွီဓာတ်အားလိုင်းများ အဆင့့်မြှင့်တင်ခြင်း အသစ်တည်ဆောက်ခြင်း စုစုပေါင်း ၉၁.၄၇ ကီလိုမီတာနှင့် ၁၁.၀၄ ထရန်စဖော်မာများ ၂၀၅ လုံး တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းတို့အတွက် ထိုင်းဘတ် ၂၆၇.၇၅၄ သန်းတို့ဖြင့် အသီးသီးဆောင်ရွက်သွားရန် လျာထားတာဖြစ်ပါတယ်”ဟု ၄င်းက ပြည်ထောင်စုလွှတ်တော်တွင် ပြောသည်။

စီမံကိန်း ပြီးစီးပါက မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့နယ် ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း ၁၂၇၃၅၆ ဦးတို့အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ် ပိုမိုကောင်းမွန်လာသည့် အကျိုးရလဒ် ခံစားရမှာဖြစ်ကြောင်းလည်း ၄င်းက ဆက်လက်ပြေကြားခဲ့သည်။

 

ဆက်လက်ပြီး စီမံကိန်းအကောင်အထည်ဖော်ခြင်းအားဖြင့် ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုပိုမိုကောင်းမွန်လာခြင်း၊ ယခင်က ၃၃ကေဗွီဓာတ်အားလိုင်းဖြင့် ဓာတ်အားပို့လွှတ်နေရာမှ ၆၆ ကေဗွီဗို့အား အဆင့်မြှင့်တင်လိုက်ခြင်းကြောင့်လက်ရှိသုံးစွဲနေသည့် ပမာဏထက် ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထိုဒေသတွင်းရှိ လျှပ်စစ် ထပ်မံသုံးစွဲလိုသူ၊ မီးသုံးစွဲလိုသူအသစ်များအတွက်လည်း ဓာတ်အားတိုးမြှင့်ပေးနိုင်ပြီး ဓာတ်အားပြတ်တောက်ခဲ့ပါက အခြားတစ်နေရာမှ ပြန်လည် လည်ပတ်ဓာတ်အားပေးသည့်စနစ်ဖြင့် တည်ဆောက်သွားမည်ဖြစ်သည်ဟု ၄င်းကဆက်လက်ပြောကြားခဲ့သည်။

 

ထိုသို့ ချေးငွေ ရယူရန်ကိစ္စနှင့်ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းရာမှာ အတိုးနှုန်းမှာ ၁.၅ ရာခိုင်နှုန်း၊ ဆိုင်းင့ံကာလမှာ ၁ဝနှစ်၊ ပြန်ဆပ်ရမည့်ကာလမှာ ၂ဝနှစ် ၊စုစုပေါင်း ချေးငွေသက်တမ်း ၃ဝနှစ်ဖြစ်ပြီး စီမံခန့်ခွဲမှုစရိတ်အနေဖြင့် ချေးငွေ၏ ၀.၁၅ရာခိုင်နှုန်းကိုပေးဆောင်ရမည်ဖြစ်ကြောင်းနှင့် ချေးငွေ၏ Grant Element ကိုတွက်ချက်ရာမှာ သက်သာမှုရှိသည့်ချေးငွေဖြစ်ကြောင်း  ၎င်းက ပြောကြားသည်။

 

“၃၁.၁၂.၂၀၁၈ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန က ရယူထားတဲ့ ပြည်ပကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၂၀၂.၀၃၆ သန်းပေးမှာ ပေးဆပ်ရန် ကျန်တဲ့ လက်ကျန်ဟာ အမေရိကန်ဒေါ်လာ ၃၀၂၆.၇၉၄ သန်းဖြစ်ပါတယ်” ဟု စီမံဘဏ္ဍာဒုဝန်ကြီးက ပြောသည်။

 

ထို့အပြင် မြန်မာနိုင်ငံမှ ပြည်ပကြွေးမြီပြန်ဆပ်ရန်လက်ကျန်သည် အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော် ခန့်ရှိပြီး၊ ပြည်ပကြွေးမြီနှင့် GDP အချိုးသည် ၁၄.၃၈ ရာခိုင်နှုန်းခန့် ရှိသည့်အတွက်  ကြွေးမြီ ခံနိုင်ရည် အတိုင်းအတာအတွင်းမှာရှိကြောင်း နှင့် ချေးငွေရယူရန်ကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တေ်ာမှ ဆွေးနွေးသုံးသပ် အတည်ပြုပေးရန် စီမံဘဏ္ဍာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

 

ထိုကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ် ရှိပါက မေလ ၃ ရက်နေ့၊ ညနေ ၄ နာရီ နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တေ်ာရုံးညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းပေးရန် ပြည်ထောင်စုလွှတ်တော်နာယက ပြောကြားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly