အလုပ်လက်မဲ့ မြင့်တက်နေသလို သတင်းမီဒီယာလွတ်လပ်ခွင့်များ ဆုံးရှုံးနေဟု ဦးဝီရသူ မိန့်ဆို

အလုပ်လက်မဲ့ မြင့်တက်နေသလို သတင်းမီဒီယာလွတ်လပ်ခွင့်များ ဆုံးရှုံးနေဟု ဦးဝီရသူ မိန့်ဆို

မြိတ်၊ ဧပြီ ၃၀ ။         ။ လက်ရှိ NLD အစိုးရလက်တွင် ပြည်သူများ အလုပ်လက်မဲ့တွေ များပြားနေပြီး၊ သတင်းမီဒီယာ လွှတ်လပ်ခွင့် တွေလည်း များစွာဆုံးရှုံးနေကြောင်း ဦးဝီရသူက ဧပြီ ၂၉ ရက်တွင် မိန့်ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၅၉ (စ) မပြင်ဆင်ရေးနှင့် ပုဒ်မ (၂၆၁) အမြန်ဆုံးအတည်ပြုနိုင်ရေး မြိတ် လူထု ထောက်ခံပွဲကို မြိတ်မြို့တွင် ဧပြီလ ၂၉ရက်နေ့က လူအင်အား ၅၀၀ နီးပါးဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ဦးဝီရသူက မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

 “ဦးဇင်း ပြောချင်တာက အခု အစိုးရ လက်ထက်မှာ တရားဥပဒေစိုးမိုးမှုတွေ အရမ်းအားနည်းနေပါတယ်။ အကျင့်ပျက်ခြစားမှုတွေလည်း များလာနေသလို၊ ပြည်သူတွေမှာ အလုပ်လက်မဲ့တွေ အရမ်းများ လာနေပါတယ် ” ဟု ဦးဝီရသူက မိန့်သည်။

ထို့ပြင် ပုဒ်မ-၅၉ (စ) ၊ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာများကိုပါ ထည့်သွင်း ဟောပြောခဲ့ပြီး  လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ကို ရည်ရွယ်သည့် အသုံးအနှုန်းများကိုပါ ထည့်သွင်း ပြောဆိုခဲ့သည်ကို တွေ့ရသည်။

“ သတင်းသမားတွေကို နည်းမျိုးစုံနဲ့ လုပ်တယ်။ တရားဥပဒေမဲ့တာတွေလည်း လုပ်တယ်။ အကျင့်ပျက် ခြစားမှုတွေလည်း ပေါများတယ်။ ဒါတွေအားလုံးဟာ တရားခံက တစ်ယောက်တည်း” ဟု ဦးဝီရသူက ဆိုသည်။

အဆိုပါ ချီတက်ထောက်ခံပွဲကို ဧပြီလ ၂၉ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် အောင်မင်္ဂလာစာသင်တိုက်မှ စတင်ထွက်ခွာခဲ့ပြီး အောင်မင်္ဂလာလမ်းမကြီး၊ အောင်ဆန်းလမ်းမကြီး၊ ဦးမြတ်လေးလမ်းမကြီးနှင့် ဘုရားကိုင် လမ်း အတိုင်း မြိတ်တောင်ကျေးရွာရှိ မြိတ်တောင်ဘောလုံးကွင်း အထိ ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

မြိတ်မြို့တွင် ပြုလုပ်ခဲ့သော ခြေ/ ဥပြင်ဆင်ရေး လူထုထောက်ခံပွဲကို မြိတ်နှင့် တနင်္သာရီမြို့နယ်တို့မှ ထောက်ခံသူများ တက်ရောက်ခဲ့သည်။

သမ္မတ၊ ဒုသမ္မတ ဖြစ်ခွင့်ရှိသူ၏ အရည်အချင်းကန့်သတ်ချက်များနှင့် ပတ်သက်၍ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃)၊ ပုဒ်မ(၅၉)(စ)တွင် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်း ကောင်း၊ ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီး၊ သားသမီး၏ ဇနီး/ခင်ပွန်းသည် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ”ဟု ပါရှိသည်။

အခြေခံဥပဒေပုဒ်မ ၂၆၁ သည် သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များထဲမှ ရွေးကောက်ခံ တစ်ယောက်ကို သမ္မတက ခန့်အပ်ပိုင်ခွင့်ရှိကာ ဝန်ကြီးချုပ်အတွက် သတ်မှတ်ထားသော အချက်များနှင့် ပြည့်စုံနေလျှင် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းများမှ လွှတ်တော် များက ငြင်းဆန်ခွင့် မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly