KIA နှင့် TNLA တပ်ဖွဲ့ဝင် ၁၃ ယောက် အလင်းဝင်ဟုတပ်မတော်ပြော

KIA နှင့် TNLA တပ်ဖွဲ့ဝင် ၁၃ ယောက် အလင်းဝင်ဟုတပ်မတော်ပြော

ရန်ကုန်၊ ဧပြီ ၃၀ ။         ။ ကချင်လွတ်လပ်ရေးအဖွဲ့(KIA) မှ ဆေးမှူးဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် အဖွဲ့ဝင် ၆ ဦးနှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် ဖွဲ့(TNLA) မှ ၇ ဦး စုစုပေါင်း ၁၃ ဦးမှာ ဥပဒေဘောင် အတွင်းဝင်ရောက်လာခဲ့သည်ဟု တပ်မတော်မှထုတ်ပြန်သည်။

ဧပြီ ၂၇ ရက်နံနက်ပိုင်းတွင် KIA အဖွဲ့ဝင် ၄ ဦးနှင့် TNLA အဖွဲ့ဝင် ၇ ဦး လက်နက်မျိုးစုံ ၉ လက်၊ ခဲယမ်း ဆက်စပ်ပစ္စည်းများနှင့်အတူ ဥပဒေဘောင် အတွင်း ဝင်ရောက်လာခဲ့သည်ဟု တပ်မတော်မှ ဧပြီ ၂၉ တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အလားတူ ၎င်းတို့၏အဆက်အသွယ်ဖြင့် ဧပြီ ၂၇ ရက် ည ၁၀ နာရီခန့်တွင် KIA အဖွဲ့မှ ဆေးမှူးဗိုလ်ကြီး အဆင့်ရှိသူ အပါအဝင် အဖွဲ့ဝင် ၂ ဦး လက်ပစ် ဗုံး ၃ လုံးနှင့်အတူ မူဆယ်မြို့နယ်ရှိ တပ်မတော် လုံခြုံရေး စခန်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြသည်ဟု လည်းဆိုသည်။

ထို့ကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) မှတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူသို့ ဆက်သွယ်မေးမြန်းရာ အတည်ပြုပြော၍ မရသေးကြောင်း ဆိုသည်။

 “ တပ်မတော်ကနေထုတ်ပြန်တာတော့ သိရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အောက်ခြေကတော့ ဘာမှသတင်းမတက်သေးဘူး။ တပ်မတော်ဆီမှာ အလင်းဝင်တဲ့သတင်းတွေ လည်းဘာမှမတက်ဘူး။ ဖြစ်စဉ်တွေလည်း ခုထိကဘာမှမကြားရဘူး” ဟု ၎င်းကပြောသည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ မေးမြန်းရန်တပ်မတော်သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူနှင့် TNLA အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တို့ထံ ဧပြီ ၃၀ ရက် ၁၁ နာရီခန့်တွင် ဖုန်းဖြင့်ဆက်သွယ်သော်လည်း မရရှိခဲ့သေးပေ။

ထို့အပြင် ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ကြသူများအား နေထိုင်အခြေချနိုင်ရေးအတွက် တာဝန်ရှိသူ များက လိုအပ်သည့်ကူညီ ထောက်ပ့ံမှုများ ဆောင်ရွက်ပေးသွားမည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အလားတူ ယနေ့ ဧပြီလ ၃၀ ရက်နေ့သည် တပ်မတော်မှထုတ်ပြန်ထားသည့် စစ်တိုင်း ၅ တိုင်းတွင် အပစ်ရပ်ထားသည့် ကာလကုန်ဆုံးမည့်ရက် လည်းဖြစ်သည်။

ယနေ့တွင် တပ်မတော်နှင့် တိုက်ပွဲအဓိကဖြစ်ပွားနေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (TNLA) ၊ ရက္ခိုင့်တပ် (AA) နှင့် ကိုးကန့်တပ်ဖွဲ့ဖြစ်သည့် မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့(MNDAA) တို့နှင့် အစိုးရ၏ NRPC တို့မူဆယ်တွင် တိုက်ပွဲများ လျော့ချရန် တွေ့ဆုံဆွေးနွေးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly