ပြီးခဲ့တဲ့ နှစ်က ပြင်သစ်လက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလားဆုဆွတ်ခူးခဲ့ရာမှာ စီးခဲ့တဲ့ ပေါ့ဘာရဲ့ ဘောကန်ဖိနပ်ကို တနင်္လာနေ့က ပဲရစ်မြို့မှာ လေလံတင်ခဲ့ရာ ယူရို ၃၀,၀၀၀ (ဒေါ်လာ ၃၃,၄၇၀) ဖြင့် ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ခရိုအေးရှားကို ၄-၂ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ ပြင်သစ်အသင်းရဲ့ တတိယဂိုးကို သွင်းယူခဲ့တဲ့ ပေါ့ဘာဟာ ခက်ခဲကြမ်းတမ်းတဲ့ ဒေသတွေက အထက်တန်းကျောင်းသားတွေကို အကူအညီပေးနေတဲ့ ပြင်သစ် ပရဟိတအဖွဲ့အစည်းတစ်ခုဆီ လေလံရောင်းချရာကနေရတဲ့ ငွေတွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်။
ခရစ္စတီရဲ့ လေလံကုမ္ပဏီက ဘောကန်ဖိနပ်ကို ယူရို ၃၅,၀၀၀ နဲ့ ၅၀,၀၀၀ ကြား ရရှိလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် ယူရို ၃၀,၀၀၀ ဖြင့်သာ ရောင်းထွက်ခဲ့တာဖြစ်ပါတယ်။
ပဲရစ်မြို့ ဆင်ခြေဖုံး ချို့တဲ့နေရာက ကြီးပြင်လာသူ ပေါ့ဘာဟာ ယူရို ၂၀၁၆ ကွာတားဖိုင်နယ်မှာ အိုင်ယာလန်ကို နိုင်တဲ့ပွဲမှာ အသင်းအတွက် ဂိုးသွားယူခဲ့ပြီး အဲဒီပွဲက ဝတ်ဆင်ခဲ့တဲ့ ပြင်သစ်ဂျာစီဝတ်စုံကိုလည်း လှူဒါန်းခဲ့ပါတယ်။
အဲဒီဂျာစီဝတ်စုံကိုတော့ ယူရို ၄,၀၀၀ နဲ့ ရောင်းချခဲ့ပါတယ်။
၂၀၁၇ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဟော်လန်အသင်းနဲ့ ရင်ဆိုင်ခဲ့တုန်းက သူ ဝတ်ဆင်ခဲ့တဲ့ နောက်ထပ် ဂျာစီဝတ်စုံကိုလည်း ယူရို ၃,၀၀၀ နဲ့ ရောင်းချခဲ့ပါသေးတယ်။
ကွင်းလယ်ပါရမီရှင်ဟာ ၂၀၁၇ ခုနှစ်က ဝက်စ်ဟမ်းနဲ့ တွေ့ဆုံတဲ့ ပွဲက ဝတ်ဆင်ခဲ့တဲ့ မန်ယူဂျာစီကိုတော့ ယူရို ၄၀၀ ဖြင့်သာ ရောင်းခဲ့ရပါတယ်။
(AFP)