ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်အတွင်း သဘောတူညီမှု သုံးခု လက်မှတ်ထိုးခဲ့

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်အတွင်း သဘောတူညီမှု သုံးခု လက်မှတ်ထိုးခဲ့
photo - EPA

ရန်ကုန် ၊ ဧပြီ ၃၀ ။     ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် တရုတ်ပြည် ခရီးစဉ်အတွင်း၌ သဘောတူညီချက်သုံးခုကို လက်မှတ်ရေးထိုးခဲ့သည်ဟု ဧပြီ ၃၀ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည်။

ယင်း သဘောတူညီချက် သုံးခုမှာ တရုတ်မှ မြန်မာ အစိုးရအား ယွမ် သန်း (၁၀၀၀) ကူညီထောက်ပ့ံပေးမည့် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ၊ တရုတ်- မြန်မာ စီးပွားရေးစင်္ကြန် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၂၀၁၉-၂၀၃၀) ဆိုင်ရာ နားလည်မှု စာချွန်လွှာ နှင့် စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် (၅) နှစ် ဖွံ့ဖြိုးမှုအစီအစဉ် ရေးဆွဲရေးဆိုင်ရာ သဘောတူစာချုပ်တို့ကို နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းလည်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့  ဧပြီလ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ ငါးရက်တာ သွားရောက်ခဲ့ပြီးနောက် အထက်ပါ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါ သဘောတူညီချက်များအနက် တရုတ်မှ ပေးအပ်မည့် ကူညီထောက်ပံ့ငွေ ယွမ် သန်း (၁၀၀၀) သည် ပြည်သူများ၏ လူမှုဘဝ တိုးတက်ရေး ၊ စီမံကိန်းကြီးများ ဖြစ်နိုင်ချေ လေ့လာရေးကိစ္စများနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းရှိနေရပ်စွန့်ခွာသူများအတွက် သုံးစွဲသွားမည် ဖြစ်သည်။

ယင်းအပြင် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁၀၀၀၀၀ အား တရုတ်နိုင်ငံသို့ တင်သွင်းခွင့် ခွဲတမ်းကို ဆက်လက် ပေးအပ်ရန်နှင့် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်းများ ၊ မွေးမြူရေး ထွက်ကုန်များ ပိုမိုတင်သွင်းနိုင်ရန် ဆွေးနွေးနိုင်ခဲ့သည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ပိုးလမ်းမ စီမံကိန်းအောက်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ရေး ၊ ငြိမ်းချမ်းရေး လုပ်ငန်းလုပ်ငန်းစဉ်များ နှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ အောင်မြင်ရန် တရုတ်မှ ဆက်လက်အကူအညီပေးရေး ၊ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံအား ဆက်လက်ကူညီပံ့ပိုးပေးရေး ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့သည်ဟု အစိုးရဘက်က ဆိုသည်။

ထို့ပြင် ရုရှားသမ္မတ ပူတင် ၊ သြစတီးယားဝန်ကြီးချုပ်၊ ပြင်သစ်ဝန်ကြီးတို့နှင့်လည်း ဆွေးနွေးခဲ့သေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly