ရန်ကုန်၊ ဧပြီ ၂၉ ။ ။ ယခုနှစ်အတွင်း ဇန်နဝါရီလမှ မတ်လအထိ မြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများအားလုံး၏ ၇၀ ရာခိုင် နှုန်းနီးပါးမှာ တပ်မတော် နှင့် ရက္ခိုင့်တပ်(AA) တို့ဖြစ်ပွားခဲ့သည့်တိုက်ပွဲများဖြစ်သည်ဟု BNI အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာ တစ်ရပ်တွင်ဖော် ပြထားသည်။
မီဒီယာများတွင်ဖော်ပြချက်များကို စာရင်းပြုစု၍ ၂၀၁၇ - ၂၀၁၈ ခုနှစ်အတွက် BNI အဖွဲ့မှတ်ထုတ်ပြန်ခဲ့သည့် “မြန်မာ့ငြိမ်းချမ်းရေး လုပ် ငန်းစဉ်ကို ပုံဖော်ခြင်း” စာအုပ်တွင် ဖော်ပြထားခြင်းလည်းဖြစ်သည်။
“ ပထမဆုံးအနေနဲ့ AA အနေနဲ့ဆိုရင် တပ်မတော်နဲ့တိုက်ပွဲဖြစ်တာက ၂၀၁၇ တစ်နှစ်လုံး ၂၀၁၈ တစ်နှစ်လုံး တဖြည်းဖြည်းတက် လာတယ်လို့ ကျွန်မတို့တွေ့ရတယ်။ ၂၀၁၉ မှာဆိုရင် ၃ လထဲရှိသေးတယ်။ ၂၀၁၇ - ၁၈ တစ်နှစ်လုံးဖြစ်တာထက်ပိုပြီးမှ ရက်ပေါင်းများ နေတာကိုတွေ့ရတာဖြစ်ပါတယ်” ဟု BNI မှ Peace Process Monitoring Program Ms.Htu Sam Zahkung ကပြောသည်။
Myanmar Peace Monitoring ၏ စောင့်ကြည့်လေ့လာမှုများအရ တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား မှုမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၇ ခုနှစ်တွင် ၂၇ ရာခိုင်နှုန်းထိသာရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၃ လ အတွင်း ၆၉ ရာခိုင်နှုန်းအထိရောက်ရှိလာခဲ့ခြင်း လည်းဖြစ်သည်။
၂၀၁၈ ခုနှစ်တစ်ခုလုံးတွင် တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသည့်ရက် ၃၀ ကျော်သာရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်ဆန်းပိုင်း (၃) လအတွင်း တိုက်ပွဲဖြစ်သည့်ရက်ပေါင်း ၅၀ နီးပါးရှိခဲ့ပြီဟုလည်း အဆိုပါ စစ်တမ်း အရသိရသည်။
BNI အဖွဲ့မှတ်ထုတ်ပြန်ခဲ့သည့် “ မြန်မာ့ငြိမ်းချမ်းရေး လုပ် ငန်းစဉ်ကို ပုံဖော်ခြင်း” စာအုပ်တွင် တိုက်ပွဲ အကြိမ် အရေအတွက်များကို ဖော်ပြပါက အငြင်းပွားမှုများရှိနိုင်၍ တိုက်ပွဲဖြစ်ပွားခဲ့သည့် ရက်များကိုသာ စာရင်းကောက်ယူဖော်ပြရခြင်းဖြစ်ကြောင်းလည်း Ms.Htu Sam Zahkung ကပြောသည်။
Myanmar Peace Monitoring ၏ စောင့်ကြည့်လေ့လာမှုများအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ (၃) လအတွင်း မြန်မာ့တပ်မတော်အပြင် EAOs အချင်းချင်းတို့အကြား တိုက်ပွဲဖြစ်ပွားသည့် ရက်ပေါင်း (၈၉) ရက်ထိရှိခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
အဆိုပါထဲတွင် တပ်မတော်နှင့် EAOs တို့ (၇၄) ရက်ခန့်ဖြစ်ပြီး EAOs အချင်းချင်းကြားဖြစ်ပွားသည့်ရက် ၁၅ ရက်ရှိခဲ့ကြောင်း လည်း သိရသည်။