ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) ၏ သံပေါင်ပစ္စည်းများသာ ပါရှိဟု ကြေညာ

ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) ၏ သံပေါင်ပစ္စည်းများသာ ပါရှိဟု ကြေညာ

ဧပြီ ၂၉ ။            ။ ယခင်က AA မှ တိုက်ခိုက်ခဲ့သည်ဆိုသော ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) ၏ သံပေါင်များ ထပ်မံသယ်ပို့ရန် စီစဉ်နေပြီး တံတား ပစ္စည်းမှလွဲ၍ အခြားပစ္စည်းများ လုံးဝ မပါဝင်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်သည်။

ယနေ့ ဧပြီ ၂၉ ရက်တွင် ရန်ကုန်ဆိပ်ကမ်းမှ စတင် ထွက်ခွာသွားခြင်း ဖြစ်ပြီး ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီ - ပလက်ဝ လမ်းပေါ်ရှိ ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) ၏ ပင်မတံတား RP1 - RP2 ကြား တပ်ဆင်မည့် အမေရိကန်ဒေါ်လာ (၅၃၄၃၀၀)တန်ဖိုးရှိ သံပေါင်နှင့် ဆက်စပ်ပစ္စည်း (၂၆၂.၁၂) တန်ကို J&M Steel Solutions Co;Ltd စက်ရုံမှ ထုတ်ယူ၍ MV ရွှေပြည်တန်(၁)သင်္ဘောဖြင့် သယ်ယူခဲ့ခြင်း ဖြစ်သည်။

“ သင်္ဘောပေါ်တွင် ပလက်ဝတံတား ပစ္စည်းမှလွဲ၍ အခြားပစ္စည်းများ လုံးဝ မပါဝင်ပါ ။သင်္ဘောပေါ်တွင် ပူးတွဲစာရင်းပါ သင်္ဘောသား (၁၅)ဦးမှ လွဲ၍ အခြားသူများ မပါရှိပါ” ဟု ပါရှိသည်။

သက်ဆိုင်ရာ သဘောင်္အခြေအနေပစ္စည်းစာရင်းနှင့် သဘောင်္သား ၁၅ ဦး၏ အမည်စာရင်း၊ အမျိုးသား မှတ်ပုံတင်နံပါတ်များကိုပါ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဖေ့ဘွတ်ခ်ပေ့ချ်တွင် ပူးတွဲဖော်ပြထားသည်။

ယခုဖြစ်ပေါ်နေသော FANI ဆိုင်ကလုန်းမုန်တိုင်း အခြေအနေပေါ်မူတည်၍ MV ရွှေပြည်တန်(၁)သင်္ဘောသည် ခရီးထွက်မည်ဖြစ်ပြီး ခန့်မှန်း မေလ ၁၀ ရက်နေ့တွင် စစ်တွေဆိပ်ကမ်း သို့ ရောက်ရှိမည် ဖြစ်သည်။

မေ ၁၁ ရက်နေ့တွင် ကျောက်တော်မြို့သို့ ရောက်ရှိမည် ဖြစ်ပြီး မေ ၁၂ ရက်တွင် ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) စီမံကိန်းသို့ ရောက်ရှိမည် ဖြစ်ကာ အဆိုပါ သံပေါင်များ သယ်ဆောင်သည့် သတင်းကို အများသူငှာ သိရှိရန် အသိပေး ကြေညာအပ်ပါသည်ဟု ဖော်ပြထားသည်။

အဆိုပါတံတားဆောက်ရန် MV ရတနာဝင်းသင်္ဘောမှ သယ်ယူလာသော သံပေါင် တန်ချိန် (၂၈၆.၂၃)တန်နှင့် ဆက်စပ်ပစ္စည်းများအား မတ် ၁၆ ရက်က AA မှ မီးရှို့ခဲ့သဖြင့် တံတား၏ Bearing များ၊ မူလီနှင့် Nut များ၊ သုတ်ဆေးပုံးများ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၂၇၃၆၀)နှင့် ညီမျှသော မြန်မာကျပ်ငွေ (၄၉၁,၀၄၀,၀၀၀.၀၀) ခန့် ဆုံးရှုံးခဲ့သည် ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်မှ  မတ် ၃၀ ရက်က ထုတ်ပြန်ထားသည်။

ဆုံးရှုံးမှုအတွက် သက်ဆိုင်ရာအာမခံကုမ္ပဏီထံ တောင်းခံထားပြီး လျော်ကြေးရရှိပါက အမြန်ဆုံး ပြန်လည် တည်ဆောက်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မတ် ၃၀ ရက်က ကြေညာသည်။
AA ဘက်မှ တိုက်ပွဲ ဖြစ်ပွားနေသောနေရာများကို ရေကြောင်းခရီး သွားလာပါက ကြိုတင်အသိပေးရန် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly