ပူလွန်းလို့ ပန်ကာဖွင့်အိပ်တာ အန္တရာယ်ရှိလား

ပူလွန်းလို့ ပန်ကာဖွင့်အိပ်တာ အန္တရာယ်ရှိလား

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 ပြင်းလွန်းတဲ့အပူရှိန်ကို အံတုပြီး လှုပ်ရှားသွားလာနေရတာ အတော်ပင်ပန်းပါတယ်။ ခုချိန်မှာ အရိပ်ထဲနေရင်တောင် ပူလောင်နေရတဲ့ နွေအပူဒဏ်ကို ဘယ်လိုသက်သာအောင်နေရမလဲပဲ တွေးနေကြမှာပါ။ အကျႌဆိုင်ရှေ့ဖြတ်ရင်တောင် အသားအေးမယ့်အဝတ်အစားကိုပဲ မျက်လုံးထဲမြင်တော့တယ်။
အပူသက်သာဖို့ အိမ်တိုင်းမှာ အမြဲသုံးလေ့ရှိတာက လျှပ်စစ်ပန်ကာနဲ့ လေအေးပေးစက်ပါ။ လေအေးပေးစက်မရှိတဲ့သူတွေတော့ ပန်ကာသုံးပါတယ်။ ပန်ကာက လိုသလိုနေရာရွှေ့ပြောင်းလို့ရတာလည်းပါတာပေါ့။ ပန်ကာကို နေ့ဘက်အပြင် ညအိပ်တဲ့အခါ ဖွင့်ထားပြီး အိပ်တတ်ကြပါတယ်။ ညကျအိပ်ရာထဲဝင်တာနဲ့ တအားပူအိုက်တာကိုး။ ချွေးတွေတလုံးလုံးနဲ့ လူးရင်းလှိမ့်ရင်း မိုးလင်းသွားမှာစိုးရတယ်လေ။
ပန်ကာကို ဟိုးအရင်တည်းက အသုံးပြုလာခဲ့ကြတာဖြစ်ပြီး အန္တရာယ်ကြီးကြီးမားမားလည်း မဖြစ်လောက်ဘူးလို့ယူဆထားကြပါတယ်။ ဒါပေမယ့်တစ်ညလုံးပန်ကာရှေ့အိပ်စက်ကြတာဟာ စိုးရိမ်စရာရှိလားလို့ မေးခွန်းထုတ်စရာရှိလာပါတယ်။ သုတေသနဆန်းစစ်ချက်တစ်ခုကြောင့်ပါ။ လေအေးပေးစက်မသုံးဘဲ ပန်ကာသုံးသူတွေမှာ ကျန်းမာရေးထိခိုက်မှုတွေရှိတယ်လို့ ဆက်နွှယ်မှုအထောက်အထားတချို့ကို သူက ဖော်ပြလာတာဖြစ်ပါတယ်။

ဒီဆန်းစစ်ချက်အရ အပူပြင်းထန်ချိန်အတွင်း ပန်ကာအသုံးပြုမှုရဲ့ ကောင်းကျိုးဆိုးပြစ်တွေအကြောင်း မရေရာမှုတွေကို သေချာဆက်လက်လေ့လာပြီး ခိုင်မာတဲ့အထောက်အထားဆက်ရှာဖွေဖို့လိုပါတယ်လို့ ဗြိတိန်ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုဌာနမှ Katie Carmichael ကပြောပါတယ်။
ပန်ကာကြောင့် ပိုပူနိုင်

ဒီလေ့လာဆန်းစစ်ချက်ကို အကျိုးအမြတ်မယူ သုတေသနအဖွဲ့ The Cochrane Collaboration က ကျန်းမာရေးအာဏာပိုင်တွေအတွက် စုစည်းလေ့လာခဲ့တာဖြစ်ပါတယ်။

အပူချိန်အရမ်းပြင်းနေတဲ့အချိန်မှာ ပန်ကာအသုံးပြုခြင်းက ခန္ဓာကိုယ်ကိုအေးစေတဲ့အစား ပိုပူစေနိုင်ပြီး ထိခိုက်မှုတွေရှိစေနိုင်တယ်လို့ စိုးရိမ်ကြတာပါ။ အပူချိန်မြင့်လွန်းတဲ့အခါ ပန်ကာတွေကြောင့် ချွေးပိုထွက်စေနိုင်ပြီး (ပန်ကာနဲ့ချွေးခဏတိတ်သလိုဖြစ်စေပေမယ့် အသားတွေပူလာတာ ခံစားဖူးမှာပေါ့) ရေဓာတ်ခန်းခြောက်တာနဲ့ ဓာတ်ဆားမမျှတာတွေဖြစ်စေနိုုင်တယ်။ အဲဒီကနေ နှလုံးကအစ အာရုံကြောတွေအထိ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကို ကမောက်ကမဖြစ်စေနိုင်တယ်။

ဒီအခြေအနေမျိုးဆို သက်ကြီးပိုင်းအရွယ်တွေ၊ သိပ်ငယ်သေးတဲ့ကလေးတွေနဲ့ ရောဂါအခံရှိသူတွေအပါအဝင် ထိခိုက်လွယ်တဲ့သူတွေမှာ အထူးသဖြင့်ပိုဂရုစိုက်သင့်ပါတယ်။

သုတေသနများစွာကို လေ့လာဆန်းစစ်ခဲ့တဲ့အခါ ပန်ကာက အပူနဲ့ပတ်သက်တဲ့ထိခိုက်မှုအန္တရာယ်လျော့နည်းစေတယ်ဆိုတဲ့ ရလဒ်တွေရယ်၊ ပန်ကာကြောင့် အပူနဲ့ပတ်သက်တဲ့ ကျန်းမာရေးအန္တရာယ်တွေပိုဆိုးစေတယ်ဆိုတာတွေရယ် ရောထွေးနေပါတယ်။

သုတေသနအထောက်အထားတွေကို အခြေခံတဲ့ ပညာရှင်တွေရဲ့နောက်ဆုံးကောက်ချက်ကတော့ အပူချိန် 95 F ရောက်နေပြီဆိုရင် လျှပ်စစ်ပန်ကာတွေက အခန့်မသင့်ရင် ကျန်းမာရေးပြဿနာတွေရှိနိုင်တယ်ဆိုတာပါပဲ။
အပူဒဏ်အောက် ဘယ်လိုနေထိုင်ကြမလဲ

ပန်ကာနဲ့ အဲယားကွန်းကို အားကိုးနေတာထက် တခြားနည်းလမ်းတွေနဲ့ရော အပူဒဏ်အောက်က အန္တရာယ်တွေရှောင်လို့ရပါတယ်။ အရိပ်ထဲမှာနေဖို့တော့လိုတာပေါ့။ အမေရိကန်ကြက်ခြေနီအသင်းရဲ့ အကြံပြုချက်တွေက –

    1. ရေများများသောက်ပါ။ ရေမဆာရင်တောင် ပုံမှန်ဝင်အောင်သောက်ပါ။ ကဖင်းနဲ့အယ်လ်ကိုဟောကို လျှော့ပါ။
  2.  နေ့ရဲ့အပူဆုံးအချိန်တွေမှာ ဖြည်းဖြည်းလှုပ်ရှားပါ။ အားစိုက်ပြီးမြန်မြန်လှုပ်ရှားတာတွေမလုပ်ပါနဲ့(အားကစားလုပ်တာမျိုး)။
  3.   အပူချိန်အပြောင်းအလဲကို သတိထားပါ။ သိပ်ပူနေရာက အေးတဲ့နေရာကို ရုတ်တရက်အဝင်အထွက်လုပ်တဲ့အခါ ခန္ဓာကိုယ်အပူချိန်မှာ ကမောက်ကမဖြစ်ပြီး ဦးနှောက်သွေးကြောပြတ်နိုင်ပါတယ်။
    4. ချောင်ချောင်ချိချိ၊အသားအေးတဲ့အဝတ်အစားကိုဝတ်ပါ။ အရောင်ဖျော့တာပိုကောင်းပါတယ်။အရောင်ရင့်လေ နေရောင်ခြည်အပူကို ပိုစုပ်ယူထားလေဖြစ်လို့ပါ။
    5. မဖြစ်မနေ အပြင်သွားရတယ်ဆို အရိပ်အောက် ခဏတော့ ဝင်ဝင်နားပေးပါ။
   6.  ပန်ကာဖွင့်ပြီးအိပ်မယ်ဆိုရင်တော့ လူပေါ်ကို လေတိုက်ရိုက်မကျစေဘူးဆိုရပါတယ်။ ပန်ကာလေလမ်းကြောင်းကို ဘေးဘက်လွှဲထားရင် အနီးတဝိုက်မှာအေးမြစေမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly