ဆိုင်ကလုန်းမုန်တိုင်း"ဖန်နီ" (FANI)သည် အလွန်အားကောင်းသော မုန်တိုင်းအဖြစ် ရောက်ရှိလာနိုင်

ဆိုင်ကလုန်းမုန်တိုင်း"ဖန်နီ" (FANI)သည် အလွန်အားကောင်းသော မုန်တိုင်းအဖြစ် ရောက်ရှိလာနိုင်
photo - AFP

ဧပြီ ၂၉ ။    ။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း"ဖန်နီ" (FANI) သည် နောက် ၃၆ နာရီ အတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) "ဖန်နီ" (FANI) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုးဇလမှ ခန့်မှန်းထားသည်။

ဧပြီလ ၂၉ ရက်က ထုတ်ပြန်သော မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၆/၂၀၁၉)အရ သိရခြင်း ဖြစ်သည်။

ယနေ့ မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)"ဖန်နီ" (FANI) သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့(Trincomalee) ၏ အရှေ့-အရှေ့မြောက်ဘက် မိုင်(၃၁၀) ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့‌တောင် ဘက် မိုင်(၄၃၀)ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam) ၏ အရှေ့တောင်ဘက် မိုင်(၅၂၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟို ပြုနေသည်။

ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI)သည် နောက် ၁၂ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) "ဖန်နီ"(FANI)အဖြစ်သို့လည်းကောင်း၊ နောက် ၃၆ နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) "ဖန်နီ" (FANI)အဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ဖန်နီ"(FANI)သည် အနောက်မြောက်ဘက်သို့ ရွေ့ လျားပြီး၊ နောက် ၇၂ နာရီ အတွင်း မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ရွေ့လျားမည် ဟု ခန့်မှန်းရပါသည်။

မုန်တိုင်း၏ လက်ရှိ အခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာ စံတော်ချိန် (၁၁:၃၀)နာရီအချိန် တွင် မြောက်လတ္တီကျု(၉.၂) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၄) ဒီဂရီတွင် မုန်တိုင်း တည်ရှိနေရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၅၅ မိုင်နှုန်း ဖြစ်သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)နှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေ ယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလမှ တိုက်တွန်းထားသည်။

မုန်တိုင်းအရှိန်ကြောင့် ဧပြီ ၃၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည် ဖြစ်ကာ ရွာရန်ရာနှုန်း ၈၀ ဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

နောက်၂ ရက်အတွက် ခန့်မှန်းချက်အနေဖြင့်  မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly