လျှပ်စစ်ဓာတ်အားကဏ္ဍ အခု ရေတွင်းတူး၊ အခု ရေကြည်သောက်၍မရဟု လျှပ်စစ်ဒုဝန်ကြီး ပြော

လျှပ်စစ်ဓာတ်အားကဏ္ဍ အခု ရေတွင်းတူး၊ အခု ရေကြည်သောက်၍မရဟု လျှပ်စစ်ဒုဝန်ကြီး ပြော
ဓာတ်ပုံ - သူရ/မဇ္ဈိမ

နေပြည်တော်(ဧပြီလ ၂၉ရက်၊ ၂၀၁၉ခုနှစ်)။    ။ လျှပ်စစ်ဓာတ်အားကဏ္ဍသည် ရေရှည်စီမံကိန်းများဖြင့် ဆောင်ရွက်ရသဖြင့် အခုရေတွင်းတူး၊ အခု ရေကြည်သောက်၍ မရဟု လျှပ်စစ်ဒုဝန်ကြီးက ဥပမာပေးကာ ဝန်ကြီးဌာနမှ နှစ်စဉ်တောင်းခံသည့် ဘတ်ဂျက်အားလုံးကို ခွင့်ပြုရန်လိုအပ်သည်ဟု ပြောဆိုလိုက်သည်။

“လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း ကဏ္ဍဟာ အခုရေတွင်းတူး၊ အခု ရေကြည်သောက်လို့ မရတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တည်ဆောက်မယ်ဆိုရင် စီမံကိန်းချပြီး ဆောင်ရွက်တာ ရနှစ်၊ ၈နှစ်ကြာအောင် ဆောင်ရွက်ရတာ ဖြစ်ပါတယ်” ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောသည်။

 ၂၀၁၉ ခုနှစ်၊ နွေရာသီကာလဖြစ်သော မတ်၊ ဧပြီနှင့် မေလတို့တွင် လျှပ်စစ်သုံးစွဲမှု အခြေအနေနှင့် လျှပ်စစ် ပြတ်တောက်မှုမရှိစေရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို ဧပြီ ၂၉ရက်တွင် ပြန်လည်စတင်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျောက်တံတားမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးနေမျိုးထက်၏ မေးမြန်းမှုအပေါ် ဒုဝန်ကြီးက ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 ရေရှည်ဆောင်ရွက်ရသည့် လျှပ်စစ်စီမံကိန်းများ၏ တစ်နှစ်တာဘတ်ဂျက်အတွက် လွှတ်တော်က ဖြတ်တောက် လိုက်သည်နှင့်တစ်ပြိုင်နက် အဆိုပါ စီမံကိန်း ပြီးစီးရမည့်ကာလသည် အလိုအလျောက် နောက်ထပ် တစ်နှစ် ကြာမြင့်သွားမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ပြောသည်။

“ဒီ့အတွက်ကြောင့် ဝန်ကြီးဌာနရဲ့ Plan တွေအားလုံး အောင်မြင်ဖို့ဆိုတာဟာ ဝန်ကြီးဌာနရဲ့ လိုအပ်ချက်အားလုံး ရရှိမယ်ဆိုရင် ထိုသို့ ဆောင်ရွက်ပေးနိုင်ဖို့ကိုလည်း တစ်နှစ်တာပဲ ဆောင်ရွက်လို့ မရဘဲနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ လျှပ်စစ်အခြေအနေအရ ၅ နှစ်၊ ၁၀ နှစ် ဆက်တိုက် ကြိုးပမ်းဆောင်ရွက်မှ ပြေလည်မှာ ဖြစ်ပါတယ်” ဟု ၎င်း ဒုဝန်ကြီးက ဆိုသည်။

လက်ရှိတွင်မူ ပြည်သူများ လျှပ်စစ်ဓာတ်အား မှန်မှန်ရရှိရန် ဝန်ကြီးဌာနက ကြိုးပမ်းနေသော်လည်း ဆည်ရေများ လျော့နည်းကျဆင်းလာသည့် အခြေအနေ ရောက်ရှိလာသည့်အတွက် ယခု နွေရာသီတွင် မျှတ၊ ခွဲဝေ၊ သုံးစွဲသည့် အစီအစဉ်ဖြင့် လျှပ်စစ်ဖြန့်ဖြူးပေးလျက်ရှိသည်ဟုလည်း ဒုဝန်ကြီးက လွှတ်တော်တွင် ပြောကြားသည်။

 မေးခွန်းရှင် လွှတ်တော်အမတ် ဦးနေမျိုးထက်က “ဝန်ကြီးဌာနအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြဿနာတွေကို ဖြေရှင်းပါ။ ဖြေချပါ။ ဘတ်ဂျက်ချည်းပဲ တောင်းမနေပါနဲ့။ တခြားနည်းလမ်းတွေနဲ့ ပေါ်လစီတွေ အသစ်ချမှတ်ပြီး နွေရာသီရောက်ရင် ဘယ်လို လုပ်မယ်ဆိုတာ ၂၀၂ဝအတွက် ကြိုတင်ပြင်ဆင်သင့်ပြီ” ဟု လွှတ်တော် အစည်းအဝေးအပြီးတွင် မဇ္ဈိမကို ပြောသည်။

ယနေ့ ဧပြီ ၂၉ရက်ကစပြီး ရန်ကုန်် အပါအဝင် တစ်နိုင်ငံလုံးတွင် အချိန်ပိုင်း မီးပြတ်တောက်မှုများ ရှိလာမည်ဟု သက်ဆိုင်ရာ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့များက ထုတ်ပြန်ကြေညာထားသလို အရေးပေါ် ယာယီ ဓာတ်အားပြတ်တောက်မှုများ ရှိလာနိုင်မည့်အပေါ် နားလည်ခွင့်လွတ်ပေးပါရန်လည်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာမှ  ဧပြီ ၂၈ရက်၊ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အာဆီယံနိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း စသည့် နိုင်ငံများတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပြဿနာများ ကြုံတွေ့နေရသော်လည်း မြန်မာနိုင်ငံထက် မီးပြတ်တောက်မှု နည်းပါးကြောင်းလည်း ဦးနေမျိုးထက်က အိမ်နီးချင်းနိုင်ငံများကို ဥပမာပေး၍ လွှတ်တော်တွင် ပြောဆိုသည်။

 ဒုဝန်ကြီးကမူ ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သည့် စင်ကာပူနှင့် အမေရိကန်နိုင်ငံတို့တွင်ပင် လျှပ်စစ်ဓာတ်အား ပြတ်တောက်လေ့ရှိပြီး မြန်မာနိုင်ငံတွင် လျှပ်စစ်မီးပြတ်ပါက အဆိုပါ နိုင်ငံများထက်ပင် အချိန်တိုအတွင်း ပြန်ရအောင် ကြိုးပမ်းနိုင်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

“အမေရိကန် နိုင်ငံမှာ ဓာတ်အားပြတ်တောက်သွားတဲ့အချိန်မှာ နှစ်ပတ်ကြာပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လျှပ်စစ်ဓာတ်အားပြတ်ရင် မည်သည့်ရက်မဆို တစ်ရက်အတွင်းမှာ နာရီပိုင်းအတွင်း ပြန်ရအောင် ကြိုးပမ်းဆောင်ရွက်နိုင်ပါတယ်” ဟု ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောသည်။

 ဒုဝန်ကြီး၏ အထက်ပါပြောကြားချက်အပေါ် လွှတ်တော်အမတ် ဦးနေမျိုးထက်က “သူ့စကားကတော့ ရယ်စရာလိုမျိုး ဖြစ်သွားတာပေါ့။ စင်ကာပူတို့၊ အမေရိကတို့မှာ မီးပြတ်တာ နှစ်ရက်ကြာတယ်တို့။ မြန်မာနိုင်ငံကတောင် ပြတ်တာ တိုသေးတယ်တို့ဘာတို့ အဲ့ဒါတွေကတော့ သူ့စိတ်ခံစားမှုနဲ့ အရမ်းပြောတယ်လို့ ထင်တယ်။ ဒါက အဓိပ္ပာယ်မရှိတဲ့ စကားတစ်ခုပါပဲ” ဟု ဝေဖန်သည်။

ASEAN ( ACE- Centre for Energy) အချက်အလက်များအရ လျှပ်စစ်လိုအပ်ချက်သည် ၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ကြား၌ အာဆီယံနိုင်ငံများတွင် ပျမ်းမျှ ၅.၅ ရာခိုင်နှုန်းအထိ တိုးလာနိုင်ကြောင်း ၂၀၁၈ ခုနှစ်အတွင်းက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-သူရ/မဇ္ဈိမ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly