မြန်မာ့ကမ်းလွန်လုပ်ကွက် MD-7 စမ်းသပ်တူးဖော်မှု ယခုနှစ်အကုန်တွင် စတင်မည်

မြန်မာ့ကမ်းလွန်လုပ်ကွက် MD-7 စမ်းသပ်တူးဖော်မှု ယခုနှစ်အကုန်တွင် စတင်မည်
ဓာတ်ပုံ -  ဒီမိုးသွေး (မြိတ်)

မြန်မာ့ကမ်းလွန်လုပ်ကွက် MD-7  တွင် စမ်းသပ်တူးဖော်ရေးလုပ်ငန်းများကို ယခု ၂၀၁၉ ခုနှစ် မကုန်မီ စတင်ဆောင်ရွက်တော့မည် ဖြစ်သည်။

ထို လုပ်ငန်းများ စတင်မဆောင်ရွက်မီ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာများကို ဆောင်ရွက် လျက်ရှိရာ ဒုတိယအကြိမ်အဖြစ် လူထု တွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၂၉ ရက်နေ့ နံနက်က ပြုလုပ်ခဲ့ပြီး ထိုသို့ အသိပေးခဲ့ခြင်းလည်း ဖြစ်သည်။

ဆွေးနွေးပွဲကို မြိတ်မြို့၊ ကမ်းနားလမ်းရှိ မြိတ်ခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံး၏ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ ဆွေးနွေးမှု အရ ၂၀၁၉ ခုနှစ် နှောင်းပိုင်းကာလတွင် လုပ်ကွက်သို့ စက်ယန္တရားများ ရောက်ရှိ လာတော့မည်ဟု သိရသည်။

ယင်းလုပ်ကွက်ကို လျှပ်စစ်နှင့် စွမ်းအား ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ (MOGE) နှင့် အကျိုးတူ ဆောင်ရွက်လျက်ရှိသော PTTEP SA ကုမ္ပဏီတို့မှ တူးဖော်မည်ဖြစ်သည်။

“ ဒီလုပ်ငန်းက ယခုနှစ် နှစ်ကုန်ပိုင်းမှ စတင်မှာ ဖြစ်လို့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း ဆိုလျှင် စက်ယန္တရားတွေ ရောက်လာမှာ ဖြစ်ပါတယ်၊ အဲဒီအခါကျမှ ဓါတ်ငွေ့တွေ တွေ့ရှိမယ် ဆိုရင်တော့ အစိုးရနှင့် အကျိုးတူ ပူးပေါင်းပြီး ထုတ်ယူသွားမှာ ဖြစ်သလို ပြည်တွင်းမှာလည်း ဖြန့်ဝေနိုင်ဖို့ အထိလည်း ပြင်ဆင် ထားပါတယ်”ဟု မြန်မာ့ရေနံ့နှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်း MOGE ကိုယ်စားလှယ် ဦးနေအောင်က ပြောသည်။

စမ်းသပ်ရှာဖွေရေးလုပ်ငန်းကို ယခုနှစ်ကုန်းပိုင်းတွင် စတင်တော့မည်ဖြစ်ရာ ကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင် ဆန်းစစ်ခြင်းများကို လူထုသို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကလည်း ပထမအကြိမ်အဖြစ် ရှင်းလင်းခဲ့သည်။ ယခုအကြိမ်မှာ ဒုတိယအကြိမ် ဖြစ်သည်။

အဆိုပါ သဘာဝဓါတ်ငွေ့ ရှာဖွေရေး လူထုတွေ့ဆုံပွဲကို မြိတ်- ကော့သောင်းနှင့် ထားဝယ််မြို့နယ် စသည့် မြို့ကြီးများတွင်လည်း ဆက်တိုက် ပြုလုပ်သွားမည်ဟု ၎င်းရှင်းလင်းပွဲမှ သိရသည်။

လုပ်ကွက် MD- 7 သည်၊ ရေနက်ပိုင်းလုပ်ကွက် တစ်ခုဖြစ်ပြီး၊ ရန်ကုန်မြို့မှ ၆၄၀ ကီလိုမီတာ၊ မြိတ်မှ ၃၀၀ ကီလိုမီတာ၊ ကော့သောင်းမြို့မှ ၂၃၀ ကီလိုမီတာနှင့် ထားဝယ်မြို့မှ ၃၉၀ ကီလိုမီတာခန့် အကွာအဝေး ကပ္ပလီ ပင်လယ်ပြင်တွင် တည်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly