တရုတ်သို့ တရားခံလွှဲပြောင်းပေးမည့် ဟောင်ကောင်အစိုးရ၏ အစီအစဉ်ကို လူထောင်နှင့်ချီ ချီတက်ဆန္ဒပြ

တရုတ်သို့ တရားခံလွှဲပြောင်းပေးမည့် ဟောင်ကောင်အစိုးရ၏ အစီအစဉ်ကို လူထောင်နှင့်ချီ ချီတက်ဆန္ဒပြ

ဧပြီ ၂၉ ။     ။ တရုတ်ပြည်မကြီးထံ တရားခံလွှဲပြောင်းပေးမှုတွေကို ခွင့်ပြုပေးဖို့ ဟောင်ကောင်အစိုးရဘက်က စီစဉ်နေတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ယမန်နေ့ ဧပြီ ၂၈ ရက်က လူပေါင်းထောင်နှင့်ချီတို့ဟာ ဟောင်ကောင်မြို့တွင်း လမ်းတွေပေါ် စုရုံးချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဒီမိုကရေစီ ခေါင်းဆောင်တွေကို ထောင်ဒဏ်ချမှတ်ခဲ့မှုကြောင့် ဟောင်ကောင်ဒေသခံပြည်သူတွေ ဒေါသထွက်နေခဲ့ကြပြီးနောက် ယခု ချီတက်ဆန္ဒပြမှု ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူ တရားခံတွေကို ဟောင်ကောင်ကနေ တရုတ်ပြည်မကြီးထံ လွှဲပြောင်းပေးဖို့ ဟောင်ကောင်အစိုးရက အဆိုပြုစီစဉ်နေမှုက ယခုလို ကြီးမားတဲ့ ဆန္ဒပြပွဲကို ပေါ်ပေါက်စေခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါ တနင်္ဂနွေနေ့ ဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ယင်းမြို့မှာ ပေါ်ပေါက်ခဲ့တဲ့ အကြီးဆုံးသော ဆန္ဒပြပွဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်။

၂၀၁၄ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြပွဲတွေကို စီစဉ်မှုအတွက်  တာဝန်ရှိတယ်ဆိုပြီး ထင်ရှားတဲ့ ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် လေးဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းက ထောင်ချလိုက်ပြီးနောက် ရက်ပိုင်းအကြာမှာ ခုလို ဆန္ဒပြပွဲ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ယခု ဆန္ဒပြပွဲမှာတော့ ဆန္ဒပြသမားတွေက ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်း ရာထူးကနေ ဆင်းပေးဖို့ကိုလည်း ကြွေးကြော်အော်ဟစ်ခဲ့ကြတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly