PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတွေကို ဗန်ဒိုက်နဲ့ မီယက်မာတို့ ဆွတ်ခူးရရှိ

PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတွေကို ဗန်ဒိုက်နဲ့ မီယက်မာတို့ ဆွတ်ခူးရရှိ
Photos: PFA

နယ်သာလန်နဲ့ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ဟာ ၂၀၁၉ PFA အကောင်ဆုံးကစားသမားဆု (Professional Footballers' Association Player of the Year) ကို ဆွတ်ခူးခဲ့ပြီး နိုင်ငံတူ မီယက်မာကလည်း အမျိုးသမီးအကောင်းဆုံးဆုကို ရရှိခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် နောက်ခံလူ ဗန်ဒိုက်ဟာ စတာလင်၊ ဘာနာဒိုဆေးလ်ဗား၊ အဂွဲရိုး၊ မာနေးနဲ့ ဟာဇက်တို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

မန်စီးတီး တိုက်စစ်မှူး စတာလင်ကတော့ အကောင်းဆုံးလူငယ်ကစားသမားဆုနှင့်သာ ကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် PFA အကောင်းဆုံးဆုကိုလည်း ဆာလာမှ ဆွတ်ခူးရရှိခဲ့တာကြောင့် လီဗာပူးလ်အသင်းအနေနဲ့ နှစ်နှစ်ဆက်တိုက် ရရှိတာဖြစ်ပြီး ၂၀၀၅ ခုနှစ်က ချယ်လ်ဆီးနောက်ခံလူ တယ်ရီ ရရှိပြီနောက် ဒီဆုကို သိမ်းပိုက်နိုင်တဲ့ ပထမဆုံးနောက်ခံလူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ဗန်ဒိုက်ဟာ ဒီဆုကို ရှစ်ဦးမြောက်ရရှိတဲ့ လီဗာပူးလ်ကစားသမားလည်းဖြစ်ပါတယ်။

PFA အကောင်းဆုံးဆုကို ဗန်ဒိုက်မတိုင်မီ နယ်သာလန်ကစားသမားတွေထဲက ဘားကင့်၊ နစ္စတယ်ရွိုင်း၊ ဗန်ပါစီတို့ ရရှိခဲ့ဖူးပါတယ်။

အမျိုးသမီးအကောင်းဆုံးကို အသက် ၂၂ နှစ်အရွယ် နယ်သာလန်နဲ့ အာဆင်နယ်တိုက်စစ်မှူး မီယက်မာနဲ့ အမျိုးသမီးလူငယ်အကောင်းဆုံးဆုကို အင်္ဂလန်နဲ့ မန်စီးတီးတိုက်စစ်မှူး စတန်ဝေးတို့က ရရှိခဲ့ပါတယ်။

PFA ဆုပေးပွဲအခမ်းအနားကို ဧပြီလ ၂၈ ရက် (တနင်္ဂနွေနေ့)က လန်ဒန်မြို့ Grosvenor House Hotel ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly