လာမည့်ပညာသင်နှစ်တွင် သူငယ်တန်း သင်ရိုးသစ် ပြောင်းမည်

လာမည့်ပညာသင်နှစ်တွင် သူငယ်တန်း သင်ရိုးသစ် ပြောင်းမည်

နေပြည်တော်၊ အောက်တိုဘာ ၅ ။           ။ လာမည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သူငယ်တန်း သင်ရိုးအသစ် ပြောင်းလဲ၍ သင်ကြားပေးသွား မည်ဟု အောက်တိုဘာ ၅ ရက်က ကျင်းပသည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သမ္မတ ဦးသိန်းစိန် ပေးပို့သည့် သဝဏ်လွှာတွင် ပါရှိသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် အမျိုးသားပညာရေး ဥပဒေကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇွန်လ ၂၅ ရက်တွင် အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကို လည်းကောင်း ပြဌာန်း ခဲ့ကြောင်းနှင့် အမျိုးသား ပညာရေးဥပဒေအရ ကျင့်သုံး အကောင်အထည်ဖော်မည့် အမျိုးသား ပညာရေးစနစ်တွင် မူကြိုပညာ ရေးနှင့် မူလတန်းပညာရေးသည် အခြေခံကျပြီး အရေးကြီးဆုံး ဖြစ်သည့် အတွက် လာမည့် ပညာသင်နှစ်တွင် သူငယ်တန်းသင်ရိုး ပြောင်းလဲသင်ကြားမည်ဟု ၎င်းက ပြောကြားခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်ပေးပို့သည့် သဝဏ်လွှာကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ဖတ်ကြားခဲ့သည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် ရှေးယခင်ကတည်းက ဆရာ၊ ဆရာမမျာကို အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များ အဖြစ်လည်းကောင်း၊ လေးစား အတုယူထိုက်သည့် ပုဂ္ဂိုလ်များအဖြစ် လည်း ကောင်း ရှေ့တန်းတင် ဂုဏ်ပြုချီးမြှောက်သည့် အစဉ်အလာရှိပြီး ဖြစ်ကြောင်းလည်း သဝဏ်လွှာတွင် ရေးသား ထားသည်။

ယင်းအပြင် ပညာရည် ပြည့်ဝသော လူ့အဖွဲ့အစည်းအတွက် အရည်အသွေး ပြည့်ဝသည့် လူသားအရင်း အမြစ်များ မွေးထုတ်ပေးရန် အရည်အချင်းပြည့်သည့် ဆရာများကသာ စွမ်းဆောင်နိုင်မည်ဟု သမ္မတက ဆိုထားသည်။ ကမ္ဘာ့ဆရာများနေ့ကို နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် အောက်တိုဘာ ၅ ရက်က ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly