ကိုယ်အလေးချိန် ကျစေဖို့ မိမိကိုယ်ကိုယ် စိန်ခေါ်ခြင်းဖြင့် စတင်ပါ

ကိုယ်အလေးချိန် ကျစေဖို့ မိမိကိုယ်ကိုယ် စိန်ခေါ်ခြင်းဖြင့် စတင်ပါ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

    
အဝလွန်တဲ့သူတော်တော်များများရဲ့ အိပ်မက်ကတော့ ပိန်ချင်ကြတာပါပဲ။ ဒီလိုပိန်ဖို့အတွက် အစားတွေကို ဆင်ခြင်ရတယ်။ နေ့စဉ် အစာအာဟာရကို သေချာဂရုစိုက်ပြီး မျှတစွာစားသုံးကြရပါတယ်။ လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်ရတယ်။ ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးအတွက် မကောင်းတဲ့ နေထိုင်မှုပုံစံ အကုန်လုံးကို ပြင်ရပါတယ်။ အစပိုင်းမှာတော့ အားတက်သရောနဲ့ ကြိုးစားပမ်းစား လုပ်တတ်ကြပေမယ့် နောက်ပိုင်းမှာ အဖျားရှူးသွားတတ်တာ၊ ပင်ပန်းပြီး ရိုးသွားတာ၊ တွန်းအားမရှိတော့သလို ဖြစ်ပြီး ကိုယ်လုပ်နေသမျှ အကုန်လုံးကို ရပ်လိုက်ကြတော့တာပါပဲ။ အဲ့တော့ ဘာဖြစ်မလဲ၊ ပင်ပန်းခဲ့သမျှ အချိန်တွေ၊ ခွန်အားတွေ အလဟဿဖြစ်ပြီး ကိုယ်စခဲ့ရတဲ့ ပုံစံအတိုင်း ပြန်ဖြစ်သွားမှာပေါ့။

ဒီလိုမျိုး ကိုယ်အလေးချိန်ကျဖို့အတွက် တွန်းအားဖြစ်စေဖို့ မိမိကိုယ်ကိုယ် သတ်မှတ်ချက်၊ အိပ်မက်၊ စံနှုန်း၊ ရည်မှန်းချက် အစရှိတဲ့အရာတွေကို ထားထားဖို့ အရေးကြီးတာပေါ့။ ဒီတော့ ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေရင်းနဲ့မှ ရပ်ဖို့ စဉ်းစားနေတဲ့ ပျိုပျို၊ ကိုကိုတွေအတွက် တွန်းအားဖြစ်စေမယ့် နည်းလမ်း ၈ ချက် ကို ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။
၁။ မိမိကိုယ်ကိုယ် စိန်ခေါ်ပါ။

ကိုယ်က ဝိတ်ချချင်တယ်မလား။ ဒီအကြောင်းကို လူတကာကို လိုက်ပြီး ပြောနေတာထက် ကိုယ့်စိတ်ထဲမှာ ထားထားပါ။ ဒီလို ကျဖို့အတွက် ကိုယ့်ဘက်က ဘာတွေ လုပ်ဖို့လိုအပ်မလဲဆိုတာ တွေးပါ။ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ကိုယ့်စိတ်ကို စတင်စိန်ခေါ်ပါ။
၂။ ဘာကြောင့် ကိုယ်အလေးချိန်ကျချင်တာလဲ။

တစ်ခါတလေမှာ Gym တွေ ပင်ပင်ပန်းပန်းဆော့ရင်း၊ အစားတွေ ရှောင်ရင်း ကိုယ်ဘာလို့ ဒီလိုလုပ်နေရတာလဲ၊ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေရတာလဲဆိုပြီး အတွေးတွေ ဝင်လာတတ်ပါတယ်။ ဒီလိုတွေးမိပြီဆိုရင် စိန်ခေါ်မှုကို စတင်ဖို့ ဖြစ်လာစေခဲ့တဲ့ အကြောင်းရင်းတွေကို ပြန်စဉ်းစားကြည့်လိုက်ပါ။ တခြားသူတွေ ကိုယ့်ကို ဝနေလို့ဆိုပြီး နှိမ်လို့လား၊ ကိုယ်ချစ်တဲ့သူက ကိုယ့်ရဲ့ ပုံစံကြောင့် ပစ်သွားတာလား၊ ဒါမှမဟုတ် ကျန်းမာသွယ်လျတဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ချင်တာလား အစရှိသဖြင့် ပြန်တွေးပါ။
၃။ အိပ်မက်ဟာ လက်တွေ့နဲ့ သိပ်ဝေးမကွာပါစေနဲ့။

လူတိုင်းကတော့ အိပ်မက် မက်ပြီဆိုရင် အကြီးကြီးတွေ မက်တတ်ကြတဲ့ စိတ်သဘာဝရှိတတ်ပါတယ်။ ကိုယ်မှန်းထားသလောက် ဖြစ်မလာတဲ့အခါ သိမ်ငယ်စိတ်တွေဖြစ်မှာ၊ စိတ်ဓာတ်ကျမှာ ကိုယ်တိုင်ပါပဲ။ ဒါကြောင့် အစပိုင်းမှာ ကိုယ်တတ်နိုင်သလောက် ကိုယ်အလေးချိန်ချဖို့ ကြိုးစားပါ။ တဖြည်းဖြည်းနဲ့ ဒီအရာက ကိုယ်နဲ့ အသားကျသွားပြီ၊ ကိုယ့်ကိုယ်ကိုယ် ကြိုးစားလို့ ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေ ရလာရင် အိပ်မက်တွေကို တဖြည်းဖြည်းစီ မြှင့်သွားပါ။
၄။ ကိုယ့်ရဲ့ ကြိုးစားမှု ရလဒ်ကို မှတ်တမ်းတင်ထားပါ။

ကိုယ်က အခုမှ စပြီး ကိုယ်အလေးချိန်ချဖို့ ကြိုးစားတယ်။ စတင်ကာစမှာ ကျသလောက် အလေးချိန်ကို စာအုပ်လေးထဲမှာ ရေးမှတ်ထားပါ။ ဒါမှ နောက်ပိုင်းမှာ ဒီ့ထက်ပိုကျဖို့ ကိုယ့်ဘက်က ဘာတွေ ပြင်ဆင်ထားဖို့လိုလဲဆိုတာ အချိန်ယူပြီး စဉ်းစားလို့ရမှာပေါ့။
၅။ ကြိုးစားမှုအတွက် ကိုယ့်ကိုယ်ကိုယ် ဆုချပါ။

ဒီလတော့ မှန်းထားသလောက် ကိုယ်အလေးချိန်ကျတယ်ဆိုရင် တစ်ရက်လောက်အချိန်ပေးပြီး ကိုယ့်စိတ်ကို အနားပေးပြီး ဆုချပါ။ ဥပမာ – သူငယ်ချင်းတွေနဲ့ အတူ ရုပ်ရှင်သွားကြည့်တာ၊ မိသားစုနဲ့ အတူလျှောက်လည်တာ၊ ကိုယ်သဘောကျတဲ့ ပစ္စည်းတစ်ခုခု ဝယ်လိုက်တာမျိုးပေါ့။ ဒီနည်းနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ကြိုးစားချင်စိတ် ဖြစ်လာစေဖို့ ပုံသွင်းပေးလို့ ရပါတယ်။
၆။ ကိုယ်လုပ်နိုင်တယ်လို့ ယုံကြည်ပါ၊ ကြိုးစားပါ။

ယုံကြည်မှုသာ ရှိရင် ဘယ်လောက်ခက်ခဲတဲ့အရာဖြစ်ပါစေ၊ ကိုယ်စွမ်းသလောက် အားသွန်ခွန်စိုက် ကြိုးစားချင်စိတ်ရှိတာ လူတွေရဲ့ သဘာဝပါပဲ။ ဒါကြောင့် စိတ်အားငယ်နေ၊ စိတ်ညစ်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ ကြည့်ပြီး ငါလုပ်နိုင်တယ်လို့ အမြဲပြောပါ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။ ကိုယ်မျှော်လင့်ထားသလို ဖြစ်မြောက်စေဖို့ အမှန်တကယ် ကြိုးစားပါ။
၇။ ကိုယ့်အတွက်ကိုလည်း ပြန်ငဲ့ကွက်ပါ။

မှန်ပါတယ်၊ ကိုယ်အလေးချိန်ကျဖို့အတွက် အစားဆင်ခြင်ရတယ်၊ အနေအထိုင်ဆင်ခြင်ရတယ်၊ လေ့ကျင့်ခန်းကို ပုံမှန်မပျက်မကွက်လုပ်ရတယ်။ ဒီစိတ်နဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အမြဲနှိပ်စက်နေစရာ၊ စိတ်ကို အကျဉ်းကျသလို ဖြစ်အောင် လုပ်စရာတော့ မလိုပါဘူး။ ပုံမှန်အတိုင်းလေးပဲ ကြိုးစားပါ။ တစ်လမှာ တစ်ရက်လောက် ကိုယ်ကြိုက်တဲ့ အရာလေးတွေ နည်းနည်းလောက် ဖြစ်ဖြစ် စားပေးပါ။
၈။ မိမိကိုယ်ကိုယ် ချစ်ပါ။

ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့၊ တန်ဖိုးထားတဲ့သူတစ်ယောက်ဟာ အရာရာကို အကောင်းမြင်စိတ်စွမ်းအားဖြစ်စေတယ်။ ကိုယ်လုပ်နေတဲ့ အရာတစ်ခုကို ဆက်ပြီး ကြိုးစားချင်စိတ်၊ အောင်မြင်လိုစိတ် အမြဲရှိပါတယ်။ ကိုယ်အလေးချိန်ကျဖို့ ကြိုးစားတယ်ဆိုတာ ကိုယ့်အတွက် ကောင်းသော ပြောင်းလဲမှုတစ်ခုကို ဦးတည်နေတဲ့ ကိစ္စဖြစ်တာကြောင့် မိမိကိုယ်ကိုယ် အမြဲတန်ဖိုးထားစိတ် မွေးမြူပါ။

တစ်ခဏတာအတွက် မဟုတ်ဘဲ တစ်ဘဝစာအတွက် ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခုကို ထိန်းဖို့ဆိုတာ အရေးကြီးပါတယ်။ ဒါဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးရင်း စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုက်ဖို့ အကြံပေးလိုက်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly