ခေတ်သစ်ပိုးလမ်းမစီမံကိန်းမှာ ဘဏ္ဍာရေးဆိုင်ရာစိန်ခေါ်မှုအတွက် စနစ်ကောင်းရှိရန် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

ခေတ်သစ်ပိုးလမ်းမစီမံကိန်းမှာ ဘဏ္ဍာရေးဆိုင်ရာစိန်ခေါ်မှုအတွက် စနစ်ကောင်းရှိရန် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
  ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈ ။     ။ တရုတ်နိုင်ငံမှဆောင်ရွက်နေသည့် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမူဘောင်အောက်တွင် ရေရှည်ဘဏ္ဍာရေး ဆိုင်ရာ အစီအစဉ်များ ၊ ဒေသတွင်း ဘဏ္ဍာရေးဆိုင်ရာအန္တရာယ်များအတွက် ကြိုတင်သတိပေးမည့် စနစ်ကောင်းတစ်ရပ် ထားရှိရန် အရေးကြီးသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ခဲ့သည်။

ဧပြီလ ၂၇ ရက်နေ့က တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် အစိုးရအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသော OBOR - ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုဆွေးနွေးခဲ့ခြင်းလည်းဖြစ်သည်။

ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြောင့် အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်ပြီး ကုန်သွယ်ရေး အပါအဝင် စီးပွားရေး ဖွ့ံဖြိုးတိုးတက်မှုများ ရှိလာသော်လည်း အခြေခံအဆောက်အအုံစီမံကိန်းများ အကောင် အထည်ဖော်ရာတွင် ဘဏ္ဍာရေးဆိုင်ရာ စွန့်စားရမှုများနှင့် စိန်ခေါ်မှုများ ရှိသည်ကို သတိပြုမိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

စီမံကိန်းကြီးများကို စတင်အကောင်အထည်ဖော်ခြင်းထက် ထိန်းသိမ်းရေးကိစ္စရပ်များတွင် စိန်ခေါ်မှု ပိုမိုကြီးမားသည်ကို သတိပြုရန်လိုအပ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံများအနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရန် များစွာလိုအပ်နေပြီး အောင်မြင်နေသည့် အခြေခံအဆောက်အအုံ စီမံကိန်းကြီးများသည် နိုင်ငံ၏ စီးပွားရေးကို တိုးတက် ပြောင်းလဲစေနိုင်ကာ ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ထိရောက်စွာ တိုးတက်စေနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုဆွေးနွေးခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယခု တရုတ်ပြည်ခရီးစဉ်အတွင်း တရုတ်- မြန်မာ စီးပွားရေး စင်္ကြန် (၂၀၁၉-၂၀၃၀) ဆိုင်ရာ နားလည်မှုစာချွန်လွှာ ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန နှင့် တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့အကြား စီးပွားရေး နှင့်  ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ၅ နှစ် ဖွံ့ဖြိုးမှု အစီအစဉ် ရေးဆွဲရေး နားလည်မှု စာချွန်လွှာတို့ကို လက်မှတ်ထိုးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly