ပျားရည်နဲ့ ဓာတ်မတည့်တဲ့သူတွေ ရှိလား

ပျားရည်နဲ့ ဓာတ်မတည့်တဲ့သူတွေ ရှိလား

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ပျားရည်ဆိုတာ သဘာဝပျားကောင်လေးတွေ ပန်းဝတ်ရည်ကို စုပ်ပြီးနောက်မှ ရရှိတာဖြစ်ပါတယ်။ ပျားရည်မှာ သကြားပါဝင်မှုများပေမယ့် အမိုင်နိုအက်ဆစ်တွေ၊ ကိုယ်ခန္ဓာအကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအပြင် ဗီတာမင်အာဟာရလည်း များစွာပါဝင်ပါတယ်။ ဒီဓာတ်တွေကြောင့် ပျားရည်ကို အာဟာရဖြစ် အစားအစာအဖြစ်သာမက အနာကျက်မြန်စေပြီး ဘက်တီးရီးယားပိုးသေစေတဲ့ ကုထုံးနဲ့ ချောင်းဆိုးချွဲကြပ်ပျောက်ဆေးအဖြစ် အသုံးပြုကြပါတယ်။

ဘက်စုံကောင်းမွန်တဲ့ ဆေးဖက်ဝင်အစာဖြစ်ပေမယ့် ဓာတ်မတည့်တဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုဓာတ်မတည့်ဖြစ်ရခြင်းဟာ ပျားရည်မှာ ပါဝင်တဲ့ ပန်းဝတ်ရည်၊ ဝတ်မှုန်တွေကြောင့် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ပျားရည်နဲ့ ဓာတ်မတည့်ရင် ဘယ်လိုလက္ခဏာတွေ ဖြစ်နိုင်လဲ။

ပျားရည်နဲ့ ဓာတ်မတည့်တဲ့အခါ ပန်းဝတ်မှုန် ဓာတ်မတည့်ခြင်းနဲ့ ဆင်တူတဲ့ လက္ခဏာတွေ ပြတာကိုတွေ့ရပါတယ်။ အဲ့ဒီလက္ခဏာတွေကတော့

    နှာစေးတာ၊ နှာရည်ယိုတာ
    နှာချေတာ
    နှာခေါင်းက ယားပြီး ရောင်လာတာ
    မျက်ရည်ယိုတာ
    လည်ချောင်းယားတာ
    အရေပြားပေါ်မှာ အနီကွက်ထတာ
    အင်ပျဉ်၊ ယားနာဖြစ်တာ
    အရေပြားပေါ် အဖုအပိမ့်တွေ ထလာတာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။

ဓာတ်မတည့်ခြင်း ပြင်းထန်တဲ့သူတွေမှာဆိုရင် ပျားရည်ကို စားမိတာ၊ အသားနဲ့ ထိမိလိုက်တာနဲ့

    ခေါင်းကိုက်တာ
    မူးဝေအော့အန်တာ
    ဝမ်းလျှောတာ
    အသက်ရှူလိုက်တဲ့အခါ နှာသံမှာ ချွဲတွေပါနေတာ
    သတိလစ်တာ
    နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တော့တာ
    အသက်ကောင်းကောင်း မရှူနိုင်တော့တာ အစရှိတဲ့ လက္ခဏာတွေ တွေ့နိုင်ပါတယ်။

ကိုယ့်မှာ ပျားရည်နဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေရှိရင်တော့ ဆရာဝန်နဲ့ စောစီးစွာ ပြသထားတာ အကောင်းဆုံးပါပဲ။ ဒါမှလည်း လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ခံယူလို့ ရမှာပါ။
ကလေးတွေကို ပျားရည်တိုက်လို့ရလား။

ပျားရည်ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိစေတဲ့ အစာအာဟာရဖြစ်ပေမယ့် အလွန်စေးကပ်ပါတယ်။ ဒါကြောင့် အစာခြေစနစ်နဲ့ ကိုယ်ခံအားစနစ် သိပ်မကောင်းသေးတဲ့ ကလေးတွေကို တိုက်ရင်တော့ သတိထားပေးရပါမယ်။ အထူးသဖြင့် အသက် ၁နှစ်အောက် ကလေးတွေမှာ ပျားရည်ကို မြိုချရခက်တာ၊ လည်ချောင်းထဲ နင်နေတာ၊ ဓာတ်မတည့်မှုလက္ခဏာ ပိုပြင်းထန်တာတွေ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ဝမ်းချုပ်တာ၊ အသက်ရှူရခက်တာ၊ ခြေတွေလက်တွေ ကောင်းစွာ မလှုပ်တာ၊ ထမင်းစားချင်စိတ် မရှိတာ၊ မျက်နှာအမူအရာ မကောင်းတာ အစရှိတဲ့ လက္ခဏာတွေကိုလည်း တွေ့နိုင်ပါတယ်။ ဒါကြောင့် အသက် ၁နှစ် အနည်းဆုံးရှိမှ ကလေးကို ပျားရည်စတိုက်သင့်ပြီး ၅နှစ်ပြည့်ပြီးနောက်ပိုင်းမှ တိုက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
ပျားရည်ကြောင့် ဓာတ်မတည့်ခြင်း ဖြစ်တဲ့အခါ ဘယ်လိုဆေးမျိုးတွေ တိုက်ပေးလို့ ရလဲ။

ဆေးဆိုင်တွေမှာ Antihistamine ပါဝင်တဲ့ ဆေးတွေကို အလွယ်တကူမေးပြီး ဝယ်လို့ရပါတယ်။ ဒီဆေးသောက်ပြီး မသက်သာလာတာ၊ ဝေဒနာပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်မှာ ဓာတ်မတည့်တဲ့ပြဿနာတွေ ရှိရင် ဆရာဝန်ဆီမှာ ကုသမှုခံယူဖို့နဲ့ ဓာတ်မတည့်တဲ့ အရာတွေကို မစားမိ၊ အရေပြားနဲ့ မထိမိစေဖို့ သေချာဂရုစိုက်ဖို့တော့ လိုပါတယ်။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly