Shafkat Khodzhkulov ကို အနိုင်ယူပြီး ONE Warrior Series ၃ပွဲဆက် နိုင်ပွဲရခဲ့သည့် ပုညစိုင်း

Shafkat Khodzhkulov ကို အနိုင်ယူပြီး ONE Warrior Series ၃ပွဲဆက် နိုင်ပွဲရခဲ့သည့် ပုညစိုင်း

မြန်မာနိုင်ငံ ကိုယ်စားပြုကာ ယှဉ်ပြိုင်နေသည့် မွန်တိုင်းရင်းသား ပုညစိုင်းသည် ONE Warrior Series 5 ပွဲစဉ်တွင် တာဂျစ်ကစ္စတန် နိုင်ငံသား Shafkat Khodzhkulov ကို ဒိုင်အဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး ၃ပွဲဆက်တိုက် အနိုင်ရလဒ်ကို ထိန်းထားနိုင်ခဲ့သည်။

ပုညစိုင်းနှင့် Shafkat တို့ တွဲဆိုင်းသည် အကြိတ်အနယ်ရှိခဲ့ပြီး ပထမအချီတွင် နှစ်ဦးစလုံးက ပြိုင်ဘက်အမှားကို စောင့်ကာ အလစ်အငိုက်ဖမ်းတိုက်ခိုက်ရန်ကြိုးစားခဲ့သည်။ Shafkat Khodzhkulov သည် ပုညစိုင်းကို ပထမအချီတွင် ပုညစိုင်းကို ချုပ်ကွက်များဖြင့် ပွဲသိမ်းနိုင်ရန် ကြိုးစားသော်လည်း ပုညစိုင်းက ရုန်းထွက်ပြီး တန်ပြန်ချုပ်ကွက်များဖြင့် တိုက်ခိုက်နိုင်ခဲ့သည်။

Shafkat Khodzhkulov သည် ပြိုင်ပွဲတစ်လျှောက် ပုညစိုင်းကို ၂ကြိမ်တိုင်တိုင် ကိုင်ပေါက်လှဲချပြီး အမိအရချုပ်ရန် ကြိုးစားသော်လည်း အပိုင်မမိပဲ ပုညစိုင်း၏ တန်ပြန်တိုက်စစ်များကိုခံခဲ့ရသည်။ တတိယအချီတွင် Shafkat ၏ ကစားအား သိသိသာသာကျသွားပြီး တိုက်စစ်အားပျော့သွားခဲ့သည်။ ပုညစိုင်းအနေဖြင့် အဆိုပါ အားနည်းချက်ကို အခွင့်အရေးယူကာ အကောင်းဆုံးတိုက်ခိုက် ကစားသွားခဲ့ပြီး Shafkat ကို ပွဲသိမ်းချုပ်ကွက်ဖြင့် အလဲထိုးနိုင်ရန် ကြိုးစားခဲ့သည်။

သို့သော် တတိယအချီ ပြီးဆုံးချိန်အထိ နှစ်ဦးစလုံး အလဲမထိုးနိုင်သော်ကြောင့် ဒို်င်လူကြီးများအားလုံးက တညီတညွတ်တည်း ပုညစိုင်းကို အနိုင်ပေးခဲ့သည်။

ပုညစိုင်းသည် အဆိုပါနိုင်ပွဲကြောင့် ONE Warrior Series တွင် ရှုံးပွဲမရှိ  သုံးပွဲဆက်အနိုင်ရထားသည့် ကစားသမားတစ်ဦးဖြစ်လာခဲ့သည်။ Shafkat ကမူ ယခုပွဲ ရှုံးနိမ့်ခဲ့ခြင်းကြောင့် ၃ပွဲဆက်တိုက်ရှုံးနိမ့်မှု ဖြစ်ခဲ့ရပြီး လက်ရှိအချိန်အထိ နိုင်ပွဲပျောက်ဆုံးဆဲဖြစ်နေခဲ့သည်။

“ ဒီပွဲအနိုင်ရလိုက်တဲ့ အတွက် ပထမဆုံးအနေနဲ့ ကျွန်တော်မိသားစုကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး ကျွန်တော် ဒီပွဲအနိုင်ရရှိဖို့ ဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေနဲ့ မြန်မာနိုင်ငံကနေ ကျွန်တော်ကို အားပေးနေကြတဲ့ မြန်မာ ပရိသတ်တွေ အားလုံးကိုကျေးဇူးတင်ပါတယ်” ဟု ပုညစိုင်းက ပြောကြားခဲ့သည်။

အသက် ၂၀ အရွယ်ရှိ ပုညစိုင်းသည် Bali MMA တွင် လေ့ကျင့်ခဲ့ပြီးနောက် ONE Warrior Series တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမအချီ၌ပင် အနိုင်ရရှိခဲ့သည့် ပွဲ ၂ပွဲရှိခဲ့ပြီး ယခုပြိုင်ပွဲတွင် အမှတ်ဖြင့် ထပ်မံရရှိခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ရဲ့ မွေးရပ်မြေအတွက် အခုလို အနိုင်ယူပေးနိုင်တာ ကျေနပ်ပီတိဖြစ်စရာ အလွန်ကောင်းပါတယ်” ဟု ပုညစိုင်းကဆိုသည်။

ပုညစိုင်းသည် ယခုပြိုင်ပွဲအတွက် မစတင်ခင်ကတည်းက ယုံကြည်မှု အပြည့်ရှိခဲ့ပြီး လေ့ကျင့်ရေးတွင် နည်းပြနှင့် ပူးတွဲလေ့ကျင့်သူများက အကူအညီများစွာပေးခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပြင့် ပုညစိုင်းသည် အသင်းဖော် ONE အမျိုးသမီး စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Xiong Jing Nan ထံမှလည်း စိတ်ခွန်အားများစွာရရှိခဲ့ကြောင်းပြောကြားခဲ့သည်။

ပုညစိုင်းအနေဖြင့် ONE Warrior Series တွင် အနိုင်ရရှိခဲ့ပြီး ၃ပွဲဆက်နိုင်ပွဲစံချိန်ကို ထိန်းထားနိုင်ခဲ့သည့်အတွက် ONE Championship နှင့်အတူ မွေးရပ်မြေတွင် ယှဉ်ပြိုင်ခွင့်အိပ်မက်
 ပိုမိုနီးစပ် လာပြီဖြစ်သည်။ Shafkat အနေဖြင့်မူ ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့မှုကြောင့် အခွင့်အရေးအချို့ လက်လွှတ်ဆုံးရှုံးရဖွယ်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly