အမျိုးသမီးတစ်ဦးကို ဓားထောက်လုယက်ခဲ့သူအား ဖမ်းမိ

အမျိုးသမီးတစ်ဦးကို ဓားထောက်လုယက်ခဲ့သူအား ဖမ်းမိ
ဓာတ်ပုံ- ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဧပြီလ ၂၇ ။         ။ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စော/တောင်ရပ်ကွက်၊ ငုဝါလမ်းတွင် ဖြစ်ပွားခဲ့သော အမျိုးသမီးတစ်ဦး ကို ဓားထောက်၍ လုယက်ခဲ့သူအား ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် နေထိုင်သော ဇေပိုင်ထွန်း(ခ) ဖိုးကဲ(ခ)ပိစိ (ခ)သြဇာထွန်း ဆိုသူဖြစ်ပြီး မရမ်းကုန်းမြို့နယ် အတွင်းရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေစဉ် ဧပြီလ ၂၆ ရက်၊ ည ၆ နာရီအချိန်က စုံစမ်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဧပြီလ ၂၇ ရက်၊ ညနေ ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ဧပြီလ ၂၂ ရက်နေ့၊ နံနက် ၇ နာရီခွဲခန့်အချိန်တွင် ဓားထောက်လုယက်ခံရသူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူသည် အလုံမြို့နယ်၊ စော/တောင်ရပ်ကွက်၊ ငုဝါလမ်းရှိ နေအိမ်တိုက်ခန်း၌ ရှိနေစဉ် အော်ဟစ်သံများကြား၍ ဆင်း ကြည့်ခဲ့ရာ ဇနီးဖြစ်သူမှာ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် လဲကျနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး၏ ပြောပြချက်အရ အမည်မသိ အမျိုးသားတစ်ဦးမှ လည်ပင်းအား ဓားဖြင့်ထောက်၍ ရွှေဆွဲကြိုးအား လုယူစဉ် ရုန်းကန်ခဲ့သဖြင့် ဓားဒဏ်ရာရရှိခဲ့ပြီး ရွှေဆွဲကြိုးကို ဖြတ်ယူ ထွက်ပြေးသွားကြောင်း သိရသည်။

ထို့ကြောင့် ဓားထောက်လုယက်ခံရသူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူက ကျူးလွန်သူကို အရေးယူပေးရန် အမှုဖွင့် တိုင်ကြားခဲ့ပြီး ရဲတပ်ဖွဲ့မှ အခင်းဖြစ်ပတ်ဝန်းကျင်အား စုံစမ်းရှာဖွေခဲ့ရာ ပြစ်မှုကျူးလွန်သူသည် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့တွင် နေထိုင်သော ဇေပိုင်ထွန်း(ခ) ဖိုးကဲ(ခ)ပိစိ (ခ)သြဇာထွန်း ဖြစ်ပြီး မရမ်းကုန်းမြို့နယ် အတွင်းရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေကြောင်း စုံစမ်းသိရှိရသဖြင့် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူ ဇေပိုင်ထွန်းကို စစ်ဆေးချက်အရ ယင်းအမှုအား ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး သက်သေခံပစ္စည်းများပါ ပြန်လည်သိမ်းဆည်းရမိသဖြင့် အလုံမြို့နယ်ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly