ကျွန်းစု ရွှေသာလျောင်းဘုရားကြီး ရေစက်သွန်းချ အလှူတော် မင်္ဂလာပွဲ ကျင်းပမည်

ကျွန်းစု ရွှေသာလျောင်းဘုရားကြီး ရေစက်သွန်းချ အလှူတော် မင်္ဂလာပွဲ ကျင်းပမည်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဧပြီ (၂၇) ။          ။ ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု၊ ပထော်ပထက် ကျွန်းပေါ်တွင်ရှိသော အတုလရံသီ ရွှေသာလျောင်း ရုပ်ပွားတော် မြတ်ကြီးနှင့်ရင်ပြင်တော်၊ တန်ဆောင်းတော်များဘက်စုံပြုပြင် မွမ်းမံပြီးစီးခြင်း ရေစက်သွန်းချ အလှူတော် မင်္ဂလာပွဲကို မေလ ၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း အလှူတော် မင်္ဂလာပွဲ ဖြစ်မြောက်ရေး အဖွဲ့မှ တွဲဖက် အတွင်းရေးမှူး ဦးမျိုးအောင်ကပြောသည်။

ရွှေသာလျောင်းဘုရားကြီး ရေစက်သွန်းချ အလှူတော် မင်္ဂလာအခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေးအတွက် စတုတ္ထအကြိမ် ကြိုတင်ညှိနှိုင်း အစည်းဝေးကို ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းက ဘုရားရင်ပြင်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

“ရွှေသာလျောင်းဘုရားက ကျွန်တော်တို့ မြို့မှာ အနယ်နယ် အရပ်ရပ်က ဘုရားဖူး ဧည့်သည်တွေနဲ့ မြို့ခံတွေပါ နေ့စဉ်လာရောက် ဖူးမျှော်တဲ့နေရာ တစ်ခုလည်း ဖြစ်သလို အခုအလှူတော် မင်္ဂလာပွဲတော်ကိုလည်း ၇ ရက် သား/ သမီးတွေ ထည့်ဝင် လှူဒါန်းထားတဲ့ အလှူငွေတွေ ရှိတာကြောင့်အားလုံး ပါဝင်နိုင်အောင်လို့ မြိတ်နှင့် ကျွန်းစုမြို့နယ်တို့မှ ဧည့်ပရိတ်သတ် အယောက် ၄၀၀၀ နီးပါးကို ဖိတ်ကြားထားတယ်”ဟု အလှူတော် မင်္ဂလာပွဲ ဖြစ်မြောက်ရေးအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးမျိုးအောင်က ပြောသည်။

အတုလရံသီ ရွှေသာလျောင်း ဘုရာကြီးကို ၁၉၅၅ ခုနှစ်တွင် မြိတ်မြို့တစ်ဖက်ကမ်း ပထက်တောင်ခြေ၌ ပန်းချီ၊ ပန်းပု၊ ပန်းရံဆရာကြီး ဦးသောင်းက ခေါင်းပွ သံကူ ကွန်ကရစ် နည်းပညာဖြင့် တာဝန်ယူ တည်ဆောက် ပေးခဲ့ပြီး၊ ဘုရားကြီး၏ ဉာဏ်တော်အလျား ၂၁၆ ပေ၊ အမြင့် ၅၇ ပေရှိကာ၊ ပလ္လင်တော် အလျားမှာ ၂၂၅ ပေ ရှိကြောင်း သိရ သည်။

အဆိုပါ ၇ ရက်သား/ သမီးများ ထည့်ဝင်ထားသည့် အလှူတော်မင်္ဂလာပွဲတော်သို့ တက်ရောက်လာမည့် ဧည့် ပရိတ်များအတွက် ရေယာဉ်များကိုလည်းကောင်း ဘေးကင်းလုံခြုံရေးအတွက် အရေးပေါ် အစီအစဉ်များ၊ ကျန်းမာရေးဆေးပေးခန်းများ၊ နားနေဆောင်များ၊ အလှူပွဲ၌ ဧည့်ခံ ကျွေးမွေးမည့် အစားအသောက်များ၌ အဆိပ်အတောက် မဖြစ်စေရန် စသည့် လုပ်ဆောင်ချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများက ကြီးကြပ် ဆောင်ရွက်သွားမည်ဟု သိရ သည်။

အဆိုပါ ရေစက်သွန်းချအလှူတော်မင်္ဂလာပွဲကို မေလ ၅ ရက်နေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီ အထိ စည်းကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ပြီး ရေယာဉ်ကြီးများဖြင့် အကြို/ ပို့ စီစဉ် ပေးထား ကြောင်း သိရ သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required