နိုင်ငံတကာပြိုင်ပွဲ၂ ခုမှာ ရလဒ်မကောင်းခဲ့လို့ ပရိသတ်ကို တောင်းပန်လိုက်တဲ့ သက်ထားသူဇာ

နိုင်ငံတကာပြိုင်ပွဲ၂ ခုမှာ ရလဒ်မကောင်းခဲ့လို့ ပရိသတ်ကို တောင်းပန်လိုက်တဲ့ သက်ထားသူဇာ
ဓာတ်ပုံ-သက်ထားသူဇာ Facebook

ဧပြီလ ၂၇ ။           ။ မြန်မာဂုဏ်ဆောင် ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ဧပြီလအတွင်းယှဉ်ပြိုင်ကစားခဲ့တဲ့  နိုင်ငံတကာကြက်တောင်ရိုက်ပြိုင်ပွဲ နှစ်ခုစလုံးမှာ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။

"အကောင်းဆုံးကစားခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ result ကောင်းကောင်းရအောင် မလုပ်ပေးနိုင်ခဲ့တဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်။ နောက်လာမယ့်ပွဲတွေမှာလည်း အကောင်းဆုံးကြိုးစားပြီး ဆုတွေရအောင် ကစားသွားပါမယ် " လို့ သက်ထားသူဇာက သူ့ရဲ့ လူမူကွန်ယက် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဧပြီလအတွင်းမှာ ဗီယက်နမ်နိုင်ငံတကာပြိုင်ပွဲနဲ့ အာရှကြက်တောင် ချန်ပီယံရှစ်ပြိုင်ပွဲနှစ်ခုကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲ နှစ်ခုစလုံး အရှုံးနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဧပြီလ ၂၃ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တရုတ်နိုင်ငံ ဝူပာန်မြို့မှာ ကျင်းပနေတဲ့ အာရှကြက်တောင် ချန်ပီယံ ရှစ်ပြိုင်ပွဲမှာ သက်ထားသူဇာဟာ ကမ္ဘာ့အဆင့်၄ ရှိတဲ့ ဂျပန်ကစားသမား ယာမဂူချီနဲ့ စတင်ယှဉ်ပြိုင်ကစားရမှာ ဖြစ်သော်လည်း ပြိုင်ပွဲစတင်ချိန်မှာတော့ အဓိကပွဲစဉ်မှာ ကစားသမား ၃ ဦး နုတ်ထွက်သွားတာကြောင့်  အမျိုး သမီးတစ်ဦးချင်း ပွဲစဉ်မှာ ၃၂သင်းအဆင့်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။

၃၂သင်းအဆင့်မှာတော့ ကမ္ဘာအဆင့် ၁၉ ရှိတဲ့ ဂျပန်ကစားသမား Aya Ohori နဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး၂၁-၇၊၂၁-၁၂ ဖြင့် နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့တာကြောင့် ၃၂ ဦးအဆင့် ပြိုင်ပွဲက ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဧပြီလ ၉ ရက်နေ့ကနေ ၁၄ ရက်နေ့အထိကျင်းပခဲ့တဲ့ ဗီယက်နမ် နိုင်ငံတကာ ကြက်တောင်ရိုက်ပြိုင်ပွဲမှာတော့ သက်ထားသူဇာဟာ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်မှာ ထိုင်းကစားသမား  Chananchida Jucharoen ကို ၂၁-၁၂၊၁၆-၂၁၊ ၂၁-၂၃  ဖြင့် တစ်ပွဲနိုင် နှစ်ပွဲရှုံး ရလဒ်ဖြင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ၂၀၁၉ ခုနှစ်၊ မတ် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့တဲ့ အမျိုးသမီးတစ်ဦးချင်း ကမ္ဘာ့ အဆင့်သတ်မှတ်ချက်မှာ မြန်မာကြက်တောင်မယ် သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၁၃၃မှာ ရပ်တည် ခဲ့ပါ တယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ သူဟာ  ကမ္ဘာ့အဆင့် ၁၄၁ အထိ ကျဆင်းလာခဲ့ ပါတယ်။

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာဟာ နိုင်ငံတကာ အောင်မြင်မှုတွေအဖြစ်Egypt International Series 2018 မှာ ချန်ပီယံ၊ Uganda International Series 2019 ပြိုင်ပွဲမှာ ချန်ပီယံ၊ Kenya International Series 2019 ပြိုင်ပွဲမှာ ချန်ပီယံ၊ Nepal International Series 2018 ပြိုင်ပွဲမှာ ဒုတိယ၊ Iran International Series 2018 ပြိုင်ပွဲမှာ တတိယ ရရှိထားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly