စိုက်ခင်းများ ပျက်စီးကာ စားဝတ်နေရေး ခက်ခဲနေသူများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆန်များလှူဒါန်း

စိုက်ခင်းများ ပျက်စီးကာ စားဝတ်နေရေး ခက်ခဲနေသူများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆန်များလှူဒါန်း
(ဓာတ်ပုံ၊အောင်ဆန်းမြင့်)

ခန္တီး၊ ဧပြီ ၂၇ ။         ။ စစ်ကိုင်းတိုင်းဒေသကြီး၊ခန္တီးမြို့နယ်၊ခမောင်းကျေးရွာအုပ်စုရှိ ခမောင်းကျေးရွာနှင့်မက်ထောင်ကျေးရွာတို့တွင် စပါးဖျက်ပိုးများကြောင့် တောင်ယာစပါးစိုက်ခင်းများ ပျက်စီးကာ စားဝတ်နေရေးခက်ခဲနေသည့် အိမ်ထောင်စု ၉၀ ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆန်အပါအဝင် ပဲနှင့်ဆားတို့ လှူဒါန်းခဲ့သည်။

"ကျွန်တော်တို့သွားကြည့်တော့ အခြေအနေအတော်ဆိုးတာတွေ့တယ်။ဒါကြောင့် ကျွန်တော်တို့ ဖောင်ဒေးရှင်း ကိုဆက်သွယ်ပြီး အခုလို သွားရောက်လှူဒါန်းတာပါပဲ။ဒီဘက်မှာက လမ်းပန်းဆက်သွယ်ရေး က ခက်တယ်။ တောင်ပေါ်လည်းဖြစ်တယ်။သူတို့မှာက ဒီတောင်ယာစိုက်ပျိုးမှုကိုပဲ အားထားရတာ။အခုပျက်စီးတယ်ဆိုတော့ စားဖို့ခက်သွားတယ်။ကျွန်တော်တို့ နောက်ထပ်လည်း လှူဖို့ စီစဉ်နေပါတယ်။ "ဟု ခန္တီးမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးကပြောသည်။

အဆိုပါကျေးရွာနှစ်ရွာသည် တောင်ပေါ်ဒေသဖြစ်ကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး နာဂလူမျိုးများ နေထိုင် ကြကြောင်း ကျေးရွာနှစ်ခုရှိ တောင်ယာစပါးစိုက်ခင်းများသည် စပါးဖျက်ပိုးကြောင့် ၂၀၁၆ခုနှစ်မှစတင်ကာ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း အခြားဒေသထွက်သီးနှံများမှာလည်း ၎င်းဖျက်ပိုးများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသည် ဧပြီလ ၂၇ ရက်နေ့ နံနက် ၈ နာရီက  အိမ်ထောင်စုတစ်စုလျှင် ဆန် ၂၄ပြည်ပါ တစ်အိတ် ပဲ ၂ ပြည်၊ဆား ၅၀ ကျပ်သား ၃ထုတ်တို့ကို လှူဒါန်းခဲ့သည်။ ထို့အပြင် စပါးဖျက်ပိုး များကြောင့် တောင်ယာစပါးခင်းများပျက်စီးမှုအတွက် စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြ၍ စပါးဖျက်ပိုး ရန်မှ ကာကွယ်ရန်အတွက် နည်းပညာနှင့် စပါးမျိုးများထောက်ပံ့ ပေးနိုင်ရန်လည်း တင်ပြသွားမည်ဟု ဦးမောင်တေး ကဆိုသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly