ဆရာများ၏ အရည်အသွေးမြှင့်တင်နိုင်ခြင်းအားဖြင့် ကျောင်းသားများ၏ အရည်အသွေး မြှင့်တင်နိုင်မည်ဟုဆို

ဆရာများ၏ အရည်အသွေးမြှင့်တင်နိုင်ခြင်းအားဖြင့် ကျောင်းသားများ၏ အရည်အသွေး မြှင့်တင်နိုင်မည်ဟုဆို
(ဓါတ်ပုံ၊အောင်ခိုင်မြဲ။မဇ္ဈိမ)

မန္တလေး၊ဧပြီ ၂၇ ။          ။ ဆရာ၊ဆရာမများ၏ အရည်အသွေးကို မြှင့်တင်နိုင်ခြင်းအားဖြင့် ကျောင်းသားကျောင်းသူများ၏ အရည်အသွေး မြှင့်တင်နိုင်မည်ဟု ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားလိုက်သည်။

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် ၁၆ အခြေခံပညာ အထက်တန်းကျောင်းတွင် ဧပြီလ ၂၇ ရက်နေ့က ပြုလုပ်သော ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ဆရာမများ အရည်အသွေးမြှင့်တင်မှုသင်တန်းသို့ တက်ရောက်လာစဉ် ပညာရေးဝန်ကြီးက ပြောကြားလိုက်ခြင်းဖြစ်သည်။

"အစိုးရကျောင်းတွေ ပုဂ္ဂလိကကျောင်းတွေ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ ကျောင်းအမျိုးမျိုးမှာရှိတဲ့ ဆရာဆရာမတွေရဲ့ အရည်အသွေး မြှင့်ဖို့အတွက် အဓိက နံနပါတ်တစ်ဖြစ်ပါတယ်။ဆရာ ဆရာမတွေရဲ့ အရည်အသွေးကို မြှင့်တင်နိုင်ခြင်းအားဖြင့် ကျောင်းသား ကျောင်းသူတွေရဲဲ့ အရည်အသွေးကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။”ဟု ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။

မြန်မာ့ပညာရေးလောက မြင့်မားလာစေရေးအတွက် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာတွင် ဆရာ၊ဆရာမများ၏ အခန်းကဏ္ဍမှာ အရေးကြီးခြင်းကြောင့် ယခုကဲ့သို့ အရည်အသွေးမြှင့်သင်တန်း မြှင့်သင်တန်းမှ သက်ဆိုင်ရာ တက္ကသိုလ်၊ကောလိပ်များက လာရောက်သင်ကြားပို့ချပေးမှုများကို သေချာသင်ယူကြရန် ပညာရေးဝန်ကြီး က သင်တန်းတက်ရောက်နေသည့် ဆရာ၊ဆရာမ များကို တိုက်တွန်းပြောကြားခဲ့သည်။

“နံပါတ်တစ် ဒီရည်ရွယ်ချက်အရ ဆောင်ရွက်တာဖြစ်ပါတယ်။နောက်ပိုင်းကတော့ ဒါ ဆရာဆရာမအဖြစ် ကျွန်တော်တို့ အစိုးရကျောင်းတွေမှာ ပုဂ္ဂလိကကျောင်းတွေ ဘုန်းတော်ကြီးသင်ကျောင်းတွေမှာ တာဝန် ထမ်းဆောင်နေတဲ့ ဆရာဆရာမတွေကလည်း ဒီလိုမျိုးသင်တန်းတွေကနေပြီးတော့မှ အရည်အသွေး ပိုမို မြှင့်တင် အားပေးခြင်းအားဖြင့် သင်ကြားပို့ချမှု အရည်အသွေးတွေ ပိုမိုမြှင့်မားလာသလို ကိုယ့်ရဲ့ ဘဝ ရပ်တည်ဖို့အတွက် ဒီဟာနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ရွေးချယ်ထားတဲ့အတွက် ဒီလုပ်ငန်းကို ပိုမိုပြီး တော့မှ ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့အတွက် ဒီသင်တန်းက အထောက်အကူပြုမယ်။"ဟု ဒေါက်တာမျိုးသိမ်းကြီး က ဆက်ပြောသည်။

အဆိုပါသင်တန်းကို ဧပြီလ ၂၂ ရက်နေ့မှမေလ ၂၂ ရက်နေ့အထိ တစ်လကြာဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ၊ဆရာမ ၅၆ရဦးတက်ရောက် လျက်ရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly