ရခိုင်အမျိုးသားပါတီညီလာခံတွင် ပါတီ ဥက္ကဋ္ဌအသစ် ရွေးချယ်တင်မြှောက်မည်ဟုဆို

ရခိုင်အမျိုးသားပါတီညီလာခံတွင် ပါတီ ဥက္ကဋ္ဌအသစ် ရွေးချယ်တင်မြှောက်မည်ဟုဆို

ရန်ကုန်၊ ဧပြီ ၂၇ ။                ။ ရခိုင်ပြည်နယ်တွင် လူထုထောက်ခံမှုအများဆုံးရရှိထားသည့် ရခိုင်အမျိုးသားပါတီ (ANP) ပါတီ၏ ညီလာခံကို မေလ အတွင်းပြုလုပ်ရန်ရှိနေပြီး ပါတီဥက္ကဋ္ဌနေရာကို အစားထိုး အသစ်ရွေးချယ်တင်မြောက်သွားရန်ရှိသည်ဟု ANP ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကပြောသည်။

“ပါတီညီလာခံမှာတော့ ဖြစ်ကိုဖြစ်သွားမှာပါ။ အသစ်ရွေးချယ်တင်မြောက်ရပါလိမ့်မယ်ခင်ဗျ” ဟု ဦးထွန်းအောင်ကျော်ကဆိုသည်။

လက်ရှိတွင် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌဟောင်းဖြစ်သည့် ဒေါက်တာအေးမောင်၏ နေရာမှာ လစ်လပ် နေကြောင်း ထို့အပြင် ဖောင်းပွနေသည့် ပါတီ၏ဖွဲ့စည်းပုံများကိုလည်း ပြန်လည်ကျစ်လျစ်စေရန် ပြန်လည် ပြင်ဆင်ရေးဆွဲရမည်ဟုလည်း ၎င်းကဆို သည်။

“လူများပြီးပွဲမစည်ဘူးဖြစ်နေတယ်။ လုပ်ရကိုင်ရတာတော်တော်ကြီးခက်ခဲနေတယ်။ အမျိုးသား အကျိုး စီးပွားအတွက် လုပ်နိုင်ကိုင်နိုင်မယ့် သူတွေကို ကျစ်ကျစ်လျစ်လျစ်နဲ့ ခိုင်ခိုင်မာမာဖွဲ့စည်းဖို့အတွက် ပါတီ ဖွဲ့စည်းပုံကို ပြန်ပြီးတော့ရေးဆွဲကိုရေးဆွဲရမှာပါ” ဟု ANP ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင် ကျော်ကပြောသည်။

ရခိုင်အမျိုးသားပါတီ၏ ညီလာခံကို လက်ရှိပြည်နယ်အခြေအနေအရ သွားရေးလာရေးလွယ်ကူစေရန်အတွက် လာမည့် မေလ ၃၀ နှင့် ၃၁ ရက်နေ့တွင် စစ်တွေမြို့၌ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီသည် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနှစ်ခု ပေါင်းစည်း ပြီးပေါ်ပေါက် လာသည့် ပါတီလည်းဖြစ်သည်။ ပထမအကြိမ် ညီလာခံကို ၂၀၁၄ တွင်  သံတွဲမြို့၌ ကျင်းပခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly