မြို့အတွင်း ခွေးလေခွေးလွင့်များ ရှင်းလိုပါက မန်းစည်ပင်သို့ အကြောင်းကြားနိုင်

မြို့အတွင်း ခွေးလေခွေးလွင့်များ ရှင်းလိုပါက မန်းစည်ပင်သို့ အကြောင်းကြားနိုင်
Photo: Nyein Chan Naing/EPA

မန္တလေး၊ဧပြီ ၂၆ ။       ။ မန္တလေးမြို့အတွင်း ခွေးလေခွေးလွင့်များ ရှင်းလင်းလိုသည့် ရပ်ကွက်များအနေဖြင့် မန္တလေးမြို့တော်၊ စည်ပင်သာယာရေးကော်မတီသို့ ဆက်သွယ်အကြောင်းကြားနိုင်သည်ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

ခွေးလေခွေးလွင့်များကို ခွေးဂေဟာတည်ဆောက်၍ ထိန်းသိမ်းရန်မှာလည်း ကျွေးမွေးစရိတ်များခြင်းကြောင့် ဆောင်ရွက်ရန်ခက်ခဲနေပြီး ခွေးကောင်ရေ မတိုးပွားအောင် သင်းကွပ်ခြင်းကို တိမွေးကုဆရာဝန်များက အခမဲ့ကူညီမည်ဟုဆိုသော်လည်း ခွေးတစ်ကောင် သင်းကွပ်လျှင် ငွေကျပ် သုံးသောင်း ကုန်ကျမည်ဖြစ်ခြင်းကြောင့် အခက်အခဲများ ရှိသည်ဟု ဒေါက်တာရဲလွင်က ဆိုသည်။

"ခွေးနှိမ်နှင်းရေးက ပြည်သူတွေဖက်က ရပ်တည်မဲ့ စည်ပင်နဲ့ ခွေးချစ်သူတွေကြား မသေးတဲ့ပြဿ     နာတစ်ရပ်ပါ။ ခွေးဂေဟာဖွင့်ထားတဲ့ ခွေးချစ်သူများ၊ တိမွေးကု ဆရာဝန်များနဲ့ ၂၀၁၈ နိုဝင်ဘာလ ကတည်းက တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။ ခွေးကောင်ရေ မတိုးပွားဖို့ သင်းကွပ်တာ တိမွေးကုဆရာဝန်တွေက အခမဲ့ ကူညီမယ်ပြောပေမဲ့ တစ်ကောင်သင်းကွပ်ဖို့  ငွေကျပ် ၃ သောင်းကျပါမယ်။တစ်ရက်ကို အစုအဖွဲ့နဲ့ ခွဲပေးရင်တောင်မှ ဆယ်ကောင်ထက် ပိုမခွဲနိုင်ပါ။ငွေ ၃သိန်းကုန်ကျပေမဲ့ လက်ရှိ ခွေးကောင်ရေအတွက် အကျိုးလုံးဝမရှိတဲ့အပြင် စည်ပင်ဘတ်ဂျက်မှာ လျာထားဖို့ ဦးစားပေးထဲမှာ မပါနိုင်ပါ။ကျွေးမွေးစားရိတ်ကများလို့ ခွေးဂေဟာလုပ်ချင်ပေမဲ့လည်း လူတွေတောင် ပုံမှန်စားဖို့ အနိုင်နိုင်ခေတ်မှာ ခွေးတွေအတွက် ဦးစားပေးလို့ မရပါ။ အရိုးရှင်းဆုံးနည်းက သုတ်သင်ရှင်းလင်းတာဖြစ်ပေမဲ့ တစ်မြို့လုံးအတိုင်းအတာနဲ့ မလုပ်ချင်ပါ။ မြို့သူမြို့သားတွေရဲ့ ဆန္ဒကိုသာအဓိကထားစဉ်းစားဆောင်ရွက်ပေးနေတဲ့ စည်ပင်အနေနဲ့ စည်ပင်ကိုဆက်သွယ်ပြီး ရှင်းလင်းစေချင်တဲ့ အကွက်တွေကိုသာ ဦးစားပေးရှင်းလင်းသွားမှာမို့ သန့်ရှင်းရေးဌာနကို စာတင်ပါ။"ဟု ဒေါက်တာရဲလွင်ကပြောသည်။

မန္တလေးမြို့တွင် ခွေးလေခွေးလွင့်များကြောင့် နေ့စဉ် ခွေးကိုက်ခံရမှုများမှာလည်း တိုးပွားလျှက်ရှိနေသလို ၎င်းခွေးများကြောင့် ယာဉ်မတော်တဆမှုများလည်း ဖြစ်ပွားလျှက်ရှိသည်ဟု ဒေါက်တာရဲလွင်က ဆိုသည်။

မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ၂၀၁၈ ခုနှစ်တွင် ခွေးကိုက်ခံရသူ ပြင်ပလူနာ ၅၆၉ဝဦးရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် ခွေးကိုက်ခံရသူ အတွင်းလူနာ ၁၂၂၈ဦး ရှိနေသည်။ 

"၂၀၁၈ခုနှစ်အတွင်း မန္တလေးပြည်သူ့ဆေးရုံကြီး ခွေးကိုက်ခံရတဲ့ ပြင်ပလူနာ ၅၆၉ဝဦးနဲ့၂၀၁၉ ပထမ ၃ လအတွင်း လူနာ ၁၂၂၈ဦးရှိလို့ အလွန်အရေးကြီးတဲ့ ပြဿနာပါ။ ခွေးကြောင့်ဖြစ်တဲ့ ယာဉ်တိုက်မှုတွေလည်း အများကြီးပါ။ ခွေးချစ်သူတွေကိုလည်း အားမနာနိုင်တော့ပါ။စည်ပင်အနေနဲ့ လုပ်သင့်တာတွေကို မြို့တော်သူမြို့တော်သားတွေအတွက် လုပ်ဆောင်သွားမှာပါ။"ဟုဒေါက်တာရဲလွင်က ပြောသည်။

ခွေးလေခွေးလွင့်များ ရှင်းလင်းစေလိုပါက သန့်ရှင်းဌာနသို့ ဆက်သွယ်အကြောင်းကြားစာတင်ရမည်ဖြစ်ပြီး  နားမလည်၍ သိလိုသည်များကိုလည်း ဦးစိုးတင့်အောင် ဒုဌာနမှူး ၀၉၂၀၀၀၃၁၄နှင့်ဦးလှမျိုး ဌာနမှူး ၀၉၇၉၇၄၉၇၉ရဝသို့ ဆက်သွယ်မေးမြန်းနိုင်သည်။ 

ထို့အပြင် ကျုံးဘေး ခွေးကျောင်းလာသူများအနေဖြင့်လည်း ခွေးချည်ကြိုး၊ ခွေချီးကျုံးရန် ဂေါ်ပြား၊ အိတ်နှင့်လက်အိတ်မပါသူများကိုလည်း စောင့်ကြည့်အရေးယူမှုများ ပြုလုပ်သွားမည်ဟုလည်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျန်းမာရေးဝန်ကြီးဌာန စာရင်းဇယားများအရ ၂၀၁၈ ခုနှစ်တွင် ခွေးကိုက်ခံရသူ ၁၉၀၀၀၀ ကျော် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly