မြစ်ဆုံကိစ္စ အစိုးရချင်း တိတ်တိတ်လေး လက်မှတ်ထိုးတာမျိုး မလုပ်ဟုဆို

မြစ်ဆုံကိစ္စ အစိုးရချင်း တိတ်တိတ်လေး လက်မှတ်ထိုးတာမျိုး မလုပ်ဟုဆို
ဓာတ်ပုံ - EPA

နေပြည်တော်၊ ဧပြီလ ၂၆ ။            ။ အာဏာရ NLD ပါတီအစိုးရ အနေဖြင့် မြစ်ဆုံစီမံကိန်းကိစ္စများတွင် ပြည်သူ လူထုကို အသိပေးခြင်းမပြုပဲ အစိုးရချင်း တိတ်တိတ်လေး လက်မှတ်ထိုးတာ မျိုး လုပ်ဆောင်သွားမည်မဟုတ်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောကြားသည်။

ထိုကိစ္စတွင် ပြည်သူလူထု၏သဘောထားများကို အလေးအနက်ထားသလို တရုတ်နိုင်ငံနှင့်ထားရှိထားသည့် သဘောတူညီချက် ကတိကဝတ်များ အပေါ် အလေးထား လုပ်ဆောင်သွားမည်ဟုလည်း ၄င်းကပြောကြားသည်။

“အဲ့တော့ပြောရရင်တော့ အစိုးရ အနေနဲ့ သေသေချာချာ လေးလေး နက်နက်စဉ်းစား သုံးသပ်ပြီးတော့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်။ အဲ့အပေါ်မှာကတော့ ပြည်သူလူထုက အသိမပေးဘဲ နဲ့ပေါ့နော် အစိုးရ အစိုးရချင်း G to G တိတ်တိတ်လေး လက်မှတ်ထိုးတာမျိုး မလုပ်ပါဘူး။ ကျွန်တော်တို့ လုပ်မယ်ဆိုရင်လည်း ကျွန်တော်တို့ ပွင့်လင်းမြင်သာမှု ရှိရှိလူထုကို ဘယ်လို ဘယ်လို လုပ်မယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဖြေရှင်းမယ်ဆိုတာ ချပြဖို့ရှိပါတယ်”ဟု ဦးဇော်ဌေးကပြောကြားသည်။

(ယနေ့) ဧပြီလ ၂၆ရက်က နေပြည်တော်ရှိ NRPC တွင် အမျိဳးသားပြန်လည် သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးဗဟိုဌာနနှင့် ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) တွေ့ဆုံ ဆွေးနွေးပွဲ အပြီးတွင် မီဒီယာများ၏မေးမြန်းမှုကို ဦးဇော်ဌေး ကဖြေကြား ခဲ့ခြင်းဖြစ် သည်။

တရုတ်နှင့်မြန်မာနိုင်ငံအကြားဆက်ဆံရေးတွင် အချက်ငါးချက်ဖြင့် လုပ်ဆောင်နေပြီး ပြည်သူလူထုက တင်မြှောက်ထားသည့် အစိုးရဖြစ်သည့် အတွက် ပြည်သူလူထု၏သဘောထားကို အလေးထားရမည်ဆိုသည့် နံပါတ် တစ်အချက်၊ နံပါတ် ၂အချက်အနေဖြင့် နိုင်ငံ၏ အကျိုးစီးပွား ၊ နံပါတ် ၃ အချက် အနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ချုပ်ဆိုထားသည့် သဘော တူညီချက်များကို အလေးထားကာ လုပ်ဆောင်နေကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။

“နောက်တစ်ချက်ကတော့ တရုတ်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ပေါ့နော်။ ဆက်ဆံရေးမှာလည်း အတိုင်ပင်ခံပုဂ္ဂိုလ်လည်း သတင်း ထုတ်ပြန်ထားပါတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံ တန်းတူညီတူ ပေါ့နော်။ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ဒီအချက်ကြီးငါးချက်ရှိပါတယ်။ အဲ့ဒီအချက်ကြီး ငါးချက်ကို အခြေခံပြီး ကျွန်တော်တို့နိုင်ငံရဲ့ သံတမန် ဆက်ဆံရေး တည်ဆောက်တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ဒီ ငါးချက်အတိုင်းပဲ ဆောင်ရွက်သွားမှာဖြစ်သလို နောင်ကိုလည်း ဒီတိုင်းပဲ လုပ်သွားမှာဖြစ်ပါတယ်”ဟု ၄င်းကပြောကြားသည်။

မြစ်ဆုံစီမံကိန်းနှင့်ပတ်သတ်ပြီး လက်ရှိအစိုးရအနေဖြင့် မည်သည့်အချိန်တွင် ပြည်သူအား ချပြသွားမည် ဆိုသည်ကိုမူ ဦးဇော်ဌေးအနေဖြင့် အသေးစိတ် သိရှိရသေးခြင်းမရှိကြောင်း ပြောကြားသွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly