အကျဉ်းသားများကို တတိယအကြိမ် ထပ်လွှတ်ရန် ရှိနေဟု အစိုးရပြောရေးဆိုခွင့်ရှိသူ ဆို

By ဇေယျာမော် ၊ မင်းမင်း(နေပြည်တော်)
26 April 2019
အကျဉ်းသားများကို တတိယအကြိမ် ထပ်လွှတ်ရန် ရှိနေဟု အစိုးရပြောရေးဆိုခွင့်ရှိသူ ဆို

ရန်ကုန် ၊ ဧပြီ ၂၆ ။    ။ အကျဉ်းထောင်များ၌ အကျဉ်းကျခံနေရသည့် အကျဉ်းသားများအား တတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့် ဖြင့် ပြန်လွှတ်ပေးရန် ရှိနေသည်ဟု အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုလိုက်သည်။

ဧပြီလ ၂၆ ရက်နေ့က နေပြည်တော်ရှိ NRPC ရုံးတွင် ကျင်းပပြုလုပ်သည့် NRPC နှင့် ကချင်လူသားချင်း စာနာမှုကော်မတီ KHCC အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ မစတင်မီ သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ၄င်းက ပြန်လည်ဖြေဆိုခဲ့ခြင်းလည်း ဖြစ်သည်။

“ကျွန်တော်တို့ ပြန်လွှတ်တာတော့ အဓိကအားဖြင့် မူးယစ်ဆေးဝါးလက်ဝယ်ကိုင် ဆောင်မှု၊ နောက်တစ်ခုက မူးယစ်ဆေးဝါး သုံးစွဲတဲ့အမှု ပုဒ်မ (၁၆) ဒါတွေနဲ့ ပတ်သက်လို့ အကျဉ်းကျခံနေရတဲ့ သူတွေ၊ အဲ့ဒါတွေကို ဦးစားပေးပြီးလွှတ်ပါတယ်” ဟု ဦးဇော်ဌေးက သတင်းမီဒီယာများကို ပြောသည်။

တတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်မည့် အကျဉ်းသားများထဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၃ ဖွဲ့မှ အကျဉ်းကျခံနေရသည့် တပ်ဖွဲ့ဝင်များ ပါဝင်မည်ဖြစ်ပြီး နိုင်ငံရေးနှင့် ပတ်သက်သည့် အမှုများလည်း ပါဝင်မည်ဟု ၄င်းက ဆိုသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးဥပဒေအား ပြင်ဆင်လိုခြင်းကြောင့် ဥပဒေမပြင်မီ ချမှတ်ခံထားရသည့် ပုဒ်မများကြောင့် အကျဉ်းကျနေသူ လူငယ်များကို ပြန်လည်လွှတ်ပေးနေခြင်းလည်းဖြစ်သည်။

“ဥပဒေမပြင်ခင်က ဥပဒေအဟောင်းပေါ့နော်။ ရှိခဲ့တဲ့ ပုဒ်မအဟောင်းတွေနဲ့ ချမှတ်ထားတဲ့ လူငယ်တွေ အများကြီး ရှိတယ်ပေါ့။ အဲ့ဒီ အများကြီးကို ကျွန်တော်တို့က ပြန်ကြည့်ပါတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

ဧပြီလ တစ်လအတွင်း လွတ်ငြိမ်းသက်သာခွင့် နှစ်ကြိမ်ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့ (မြန်မာ နှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့) က ပြည်တွင်းအကျဉ်းသား ၉၅၃၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦး ၊ ဧပြီလ ၂၆ ရက်နေ့ တွင် အကျဉ်းထောင် ၇ ခုမှ အကျဉ်းသား ၆၉၄၈ ဦးတို့ကို အစိုးရမှ  လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly