နည်းပြအသစ် ကိုင်တွယ်မည့် မြန်မာ့လက်ရွေးစင်အသင်းကြီးကို အရမ်းမမျှော်လင့်ဟု ဦးဇော်ဇော်ဆို

နည်းပြအသစ် ကိုင်တွယ်မည့် မြန်မာ့လက်ရွေးစင်အသင်းကြီးကို အရမ်းမမျှော်လင့်ဟု ဦးဇော်ဇော်ဆို
ဓာတ်ပုံ- ထွန်းထွန်းဝင်း

ရန်ကုန်၊ ဧပြီ ၂၆ ။      ။ နည်းပြအသစ် မီရိုဒရုပ် ရာဂျူလိုဗစ် ကိုင်တွယ်မည့် မြန်မာ့လက်ရွေးစင်အသင်းကြီးကို အများကြီး မျှော်လင့်မထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

မြန်မာလက်ရွေးစင်အသင်း၏ နည်းပြချုပ်အသစ်ဖြင့် မွန်တီနီဂရိုးနိုင်ငံသား မီရိုဒရုပ် ရာဂျူလိုဗစ် ကို ၁၉ လ သက်တမ်းရှိသည့် စာချုပ်ကို ဧပြီလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ချုပ်ဆိုခဲ့သည်။

“အဓိကတော့ သူအနေနဲ့ အကောင်းဆုံးဖြစ်အောင်ကြိုးစားမှပေါ့။ ကျွန်တော့်အနေနဲ့ ပြောမယ်ဆို နည်းပြတစ်ယောက်ထဲပေါ်လည်းမူမတည်ပါဘူး။ ကျွန်တော်တို့ရဲ့ ဘောလုံးအခြေအနေကိုက နိမ့်နေတာ။ ဒီကစားသမားတွေကလည်း ဒါထက်ပိုပြီးတော့ ထူးချွန်တဲ့ကစားသမားတွေဖြစ်အောင် မွေးဖို့လိုတယ်။ ဖန်တီးဖို့လိုတယ်။ နည်းပြကတော့ ကစားကွက်နဲ့သူလိုချင်တာလုပ်တယ်ဆိုပေမယ့် ကျွန်တော့်အနေနဲ့ ဆိုရင် အရမ်းကြီးမျှော်လင့်မထားဘူး။ ပိုကောင်းလာမယ်လို့မြင်တယ်။ ကောင်းသည်ထက် ကောင်းသွားမယ်လို့တော့ မမြင်ပါဘူး " ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

အသက် ၅၁ အရွယ်ရှိသော မွန်တီနီဂရိုးနိုင်ငံသား မီရိုဒရုပ်ရာဂျူလိုဗစ်သည် နည်းပြဘဝ ကို၂၀၀၁ ခုနှစ်တွင် စတင်ခဲ့ပြီး ဆားဘီးယား ၊ မွန်တီနီဂရိုး အသင်းတို့၏ ယူ-၂၁ လက်ရွေးစင်၊ မွန်တီနီဂရိုး ယူ-၁၉ ၊ပေါ်တူဂီ ကလပ် ဘိုအာဗစ်စတာ ၊ ရုရှားကလပ် ဒိုင်နမိုမော်စကို ၊လက်ဘနွန်လက်ရွေးစင်အသင်းကြီးတို့ကို၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်မတ်လ အကုန်ထိကိုင်တွယ်ခဲ့သည်။၂၀၁၆ ခုနှစ်တွင် လက်ဘနွန် အသင်းကို ကမ္ဘာအဆင့်၁၄၇ မှ ၂၀၁၈ ခုနှစ်တွင် ၇၇ အထိမြှင့်တက်လာအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည်။

“ကျွန်တော်တို့ရဲ့အခြေခံအဆောက်အအုံတွေ ၊လူငယ်ပြိုင်ပွဲအဆင့်ဆင့်တွေ ၊ကျောင်းမှာရှိတဲ့ဘောလုံး ပြိုင်ပွဲတွေ ၊ကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေ ၊သင်ပေးတဲ့နည်းပြတွေ ၊ နောက်ပြိုင်ပွဲတွေ ၊ သူများနိုင်ငံမှ ၁၀ နှစ် ၁၂ နှစ်သားတွေပြိုင်ပွဲတွေ မြောက်များစွာကန်ပြီးတော့မှ လက်ရွေးစင်ဖြစ်တာပါ။ အခုကျွန်တော်တို့ နေရှင်နယ် လိဂ်တောင် မနည်းရပ်တည်နေရတာ။ ရှင်းရှင်းပြောရရင် ချိနဲ့နဲ့ ယိုင်တိုင်တိုင်  ဖြစ်တဲ့အနေအထားမျိုးပေါ့။ ဒီအသုံးစရိတ်တွေကိုဘယ်သူကပေးမှာလဲ။ ဘယ်သူက ဒီပွဲတွေကို ဘယ်သူကလုပ်ပေးမှာလဲ။ ဒီကျောင်းသား တွေ ကစားလို့ရအောင် ဘယ်သူက လုပ်ပေးမှလဲ ဆိုတဲ့ အဖြေက ထပ်လိုပါတယ်။ ကျွန်တော်တို့ရှိနေတာကို အကောင်းဆုံးလုပ်တာပဲ ဖြစ်လိမ့်မယ်။ ဒီနည်းပြ ရောက်လာလို့အားလုံးကောင်းသွားမယ်ဆိုတာ မဖြစ်နိုင်ဘူး  " ဟု ဦးဇော်ဇော်က ဆက်ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ နည်းပြချုပ်ရာထူးအတွက် နိုင်ငံတကာမှ နည်းပြလျှောက်ထားသူ ၅၅ ကို စိစစ်ရွေးချယ်ခဲ့ပြီး ထိုထဲကမှ မွန်တီနီဂရိုးနိုင်ငံသား မီရိုဒရပ် ရာဂျူလိုဗစ် ကို ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly