ဒေါက်တာအေးမောင်၏အယူခံကို လက်ခံသင့်၊ မသင့် ဧပြီလကုန်တွင်အမိန့်ချမည်

ဒေါက်တာအေးမောင်၏အယူခံကို လက်ခံသင့်၊ မသင့် ဧပြီလကုန်တွင်အမိန့်ချမည်

ရန်ကုန်၊ ဧပြီ ၂၆ ။    ။ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် စစ်တွေတရား ရုံးက ဆုံးဖြတ်ခဲ့သည့် ဒေါက်တာအေးမောင် အမှုအတွက် အယူခံကို လက်ခံရန်သင့်၊ မသင့်ကို လာမည့် ဧပြီ လကုန်တွင် ပြည်နယ်တရားလွှတ်တော်မှအမိန့်ချရန်ရှိကြောင်းသိရသည်။

ဒေါက်တာအေးမောင်၏ အယူခံကို ပြီးခဲ့သည့်မတ်လ ၂၈ ရက်တွင် ရခိုင်ပြည်နယ်တရားလွှတ် တော်သို့ တင်သွင်းထားပြီး စာရေးဆရာဝေဟင်အောင် အတွက်အယူခံကိုမှု ဧပြီ ၂၆ ရက်တွင် တင်သွင်းခဲ့ခြင်း လည်းဖြစ်သည်။

“ မနေ့ကပဲကျွန်မကအယူခံစာတင်ရတယ်။ ဒေါက်တာအေးမောင်တော့အမှုကတော့ ဧပြီ ၃၀ ရက်နေ့ လက်ခံသင့်၊ မသင့်ကြားနာမယ်” ဟု ကိုဝေဟင်အောင် ၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်ကပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာကိုဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုတို့ဖြင့် ထောင်ဒဏ် နှစ် ၂၀ စီကျခံစေရန် စစ်တွေခရိုင် တရားရုံးက ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်အမိန်ချမှတ်ထားခြင်းလည်းဖြစ်သည်။

ဧပြီလ ၃၀ ရက်နေ့တွင် ရခိုင်ပြည်နယ်တရားလွှတ်တော်မှ ဒေါက်တာအေးမောင်၏ အယူခံကိုလက်ခံခဲ့ပါက တရားလို၊ တရားခံ နှစ်ဖက်ရှေ့နေများမှ လျှောက်လဲချက်များတင်သွင်းကာ တရားလွှတ်တော်မှ အမိန့် ချမှတ်မည်လည်းဖြစ်သည်။

အကယ်၍ အယူခံကို လက်မခံခဲ့ပါက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုတရားလွှတ်တော်သို့ ထပ်မံအယူခံတက်ခွင့်လည်းရှိနေသည်။ လက်ရှိတွင်ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့ကို ဧပြီ ၆ ရက်နေ့က စစ်တွေ ထောင်မှ ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွေ့ထားသည်ဟုလည်း သူတို့နှစ်ဦးနှင့် နီးစပ်သူများထံမှ သိရသည်။

ဒေါက်တာ အေးမောင်အပါအဝင် ရခိုင်လူငယ်စာရေးဆရာ ကိုဝေဟင်အောင်တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သည့်  ရခိုင့်အချုပ်အခြာအာဏာကျရှုံးခြင်း (၂၃၃) နှစ်မြောက် ဝမ်းနည်း အောက်မေ့ဖွယ် အထိမ်းအမှတ် စာပေဟောပွဲ၌ ဟောပြောခဲ့သည့် စကားအသုံးအနှုန်းများမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေသည်ဆိုကာ ပြည်နယ်အစိုးရ၏ တရားစွဲဆိုမှုကို ခံခဲ့ခြင်းရခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly