ဒိန်ချဉ်မဟုတ်တဲ့ Probiotics အရင်းအမြစ် (၅) မျိုး

ဒိန်ချဉ်မဟုတ်တဲ့ Probiotics အရင်းအမြစ် (၅) မျိုး

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

   

Probiotics သို့မဟုတ် အကျိုးပြုဘက်တီးရီးယား လို့ဆိုလိုက်တာနဲ့ ဒိန်ချဉ်ကို ပြေးမြင်ကြတာများပါတယ်။ ဒါပေမယ့် အမြဲမသောက်ချင်ဘူး၊ ဒိန်ချဉ်မကြိုက်ဘူး၊ အပြောင်းအလဲလေးတွေစားချင်တယ်ဆိုတဲ့သူတွေအတွက် Probiotics  ရနိုင်တဲ့ တခြားအစားအစာတွေ ပြောပြပေးချင်ပါတယ်။ ဒိန််ချဉ်မဟုတ်တဲ့ Probiotics အရင်းအမြစ် (၅) မျိုး ကို ကြည့်လိုက်ပါဦးနော်။နေ့စဉ်စားသုံးနေကျထဲက များပါတယ်။
(၁) အာလူး (အအေးခံထားတဲ့)

အာလူးကို ဆေးကြောချက်ပြုတ်ပြီး အအေးခံလိုက်တဲ့အခါ resistant starch တွေဖြစ်လာစေပါတယ်။ resistant starch ဆိုတာ ချေဖျက်လို့မရတဲ့ ကာဗိုဟိုက်ဒရိတ်တစ်မျိုးဖြစ်ပြီး အူတွင်းအကျိုးပြုဘက်တီးရီးယားတွေအတွက် အစာဖြစ်တဲ့ prebiotic ဖြစ်ပါတယ်။ prebiotic တွေကြောင့် Probiotic တွေကို အားပေးနိုင်တာဖြစ်ပါတယ်။ resistant starch မှာ ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိတဲ့အထဲ ဆီးချိုအန္တရာယ်လျော့နည်းစေတယ်၊ ဝိတ်ကျစေတယ်ဆိုတာ အံ့သြစရာပါ။
(၂) ကီဖာ (Kefir)

ကီဖာက ဒိန်ချဉ်လိုပဲ အစွမ်းထက်တဲ့သောက်စရာတစ်မျိုးပါ။ အကျိုးပြုဘက်တီးရီးယားလေးတွေအများကြီးပေါင်းစပ်ပါဝင်တဲ့ ကီဖာစေ့လေးတွေကို နို့နဲ့ထည့်ဖောက်ထားတဲ့ သောက်စရာပါ။ ကီဖာစိမ်ထားတဲ့အရည်ကိုသောက်ပေးရင် အူတွင်းအကျိုးပြုဘက်တီးရီးယားပမာဏကို ထိန်းညှိပေးထားနိုင်ပါလိမ့်မယ်။ ၂၀၁၃ ခုနှစ်က လေ့လာတွေ့ရှိမှုအရ ကီဖာက အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာပြဿနာတွေနဲ့ ဓာတ်မတည့်မှုတွေကို သက်သာစေနိုင်ပြီး နှလုံးကျန်းမာရေးအတွက်လည်းကောင်းတယ်လို့ သိရပါတယ်။
(၃) ငှက်ပျောသီးအစိမ်း

ငှက်ပျောသီးအစိမ်းက  လေချုပ်တယ်လို့ ပြောကြတယ်။ အရသာလည်းကွာတာမို့ မှည့်မှစားကြပါတယ်။ တချို့လောဘကြီးတဲ့ရောင်းသူတွေဆို ဆေးနဲ့အမြန်မှည့်အောင်လုပ်တာတောင်ရှိသေးတယ်။ တကယ်က ငှက်ပျောသီးအစိမ်းမှာ prebiotics တွေကြွယ်ဝတာ မသိကြပါဘူး။ ငှက်ပျောသီးစိမ်းမှာ ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်တွေရော၊ မပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်တွေပါ ပါရှိတဲ့အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ထိုက်သင့်သလောက်ပါဝင်နေပါတယ်နော်။သူ့ကိုစားရင် အူတွင်းဘက်တီးရီးယားအတွက် အားဖြည့်ပေးနိုင်သလို နှလုံးနဲ့အရိုးတွေအတွက်လည်း အကျိုးပြုပါတယ်။ ဒီတိုင်းမစားချင်ရင် ငှက်ပျောသီးစိမ်းကို ပြုတ်စား၊ ကြော်စား၊ ဖုတ်စားနိိုင်ပါတယ်။
(၄) ကင်ချီ

ကင်ချီက ကိုရီးယားရုပ်ရှင်ထဲက ပေါ်ပင်တစ်ခုသက်သက်မဟုတ်ပါဘူး။ ရိုးရာအစားအစာဖြစ်တဲ့အလျောက် သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးကလည်း နှစ်သက်စရာပါပဲ။ ကင်ချီဆိုတာ ဒိန်ချဉ်လိုပဲ အချဉ်ဖောက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တာကြောင့် probiotic တွေကြွယ်ဝပါတယ်။ သူ့မှာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကနေ ဗီတာမင်နဲ့သတ္တုဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အမျှင်ဓာတ်တွေလည်း ရရှိနိုင်ပါတယ်။ မြန်မာ့အစားအစာတွေမှာလည်း ဟင်းသီးဟင်းရွက်တွေကို အချဉ်တည်ပြီး တို့စရာအဖြစ်စားလေ့ရှိတာသတိရပါ။ အာနိသင်ချင်းအလားတူပါပဲ။ သန့်ရှင်းလတ်ဆတ်မှုတော့ အရေးကြီးပါမယ်။
(၅) ကြက်သွန်ဖြူ

ခံတွင်းမှာ အနံံ့နံတယ်ဆိုပေမယ့် ကြက်သွန်ဖြူဟာ အူတွင်းဘက်တီးရီးယားပမာဏတိုးမြှင့်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ သူ့မှာ အကျိုးပြုဘက်တီးရီးယားလေးတွေအတွက် အစာဖြစ်တဲ့ prebiotics တွေကြွယ်ဝလို့ဖြစ်ပါတယ်။ အစိမ်းစားတာ အကောင်းဆုံးဖြစ်ပေမယ့် ချက်ပြုတ်စားလည်း အကျိုးကျေးဇူးတွေ ရသင့်သလောက်ရနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly