မြစ်ဆုံဆည်စီမံကိန်း စတင်သူများအား လိုအပ်ပါက တရားစွဲမည်

By ခွန်အောင်ပိုင်ခမ်း၊ သီဟ
25 April 2019
မြစ်ဆုံဆည်စီမံကိန်း စတင်သူများအား လိုအပ်ပါက တရားစွဲမည်

ရန်ကုန်၊ ဧပြီလ ၂၅ ။          ။ မြစ်ဆုံဆည်နှင့်ပတ်သတ်ပြီးသဘောတူညီခဲ့သည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် အစိုးရအဖွဲ့ဝင်များကို လိုအပ်ပါကတရားစွဲရန်ရှိကြောင်း မြစ်ဆုံစီမံကိန်းအပြီးသတ်ဖျက်သိမ်းပေးရန် လုပ်ဆောင်နေသည့် အဖွဲ့မှတာဝန်ရှိသူအချို့ကပြောဆိုလိုက်သည်။

ရန်ကုန်မြို့၊ အိုလံပစ်တာဝါတွင် ဧပြီလ ၂၅ရက်က ပြုလုပ်ခဲ့သော မြစ်ဆုံ စီမံကိန်းအပြီးသတ်ဖျက် သိမ်းပေးရန် လူငယ်များကတောင်းဆိုသည့်ပွဲတွင် ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

“ အရင်အစိုးရလက်ထက်က လုပ်ထားတဲ့ရှုပ်အထွေးကိုအရင်အစိုးရလက်ထက်မှာ တာဝန်ယူထားတဲ့သူတွေ သက်ရှိထင်ရှားရှိ နေတုန်းပါပဲ။ သူတို့တွေကိုကျွန်မတို့က ဒီကိစ္စနဲ့ပတ်သက်လို့ ဖြေရှင်းဖို့တောင်းဆိုရပါမယ်။ တရားစွဲသင့်ရင်စွဲရပါမယ်။ ရှင်းရှင်းပြောရင် တရားခံ တွေ လို့ပြောရမှာပေါ့။ မြစ်ဆုံကိစ္စနဲ့ ပတ်သက်တဲ့ တရား ခံတွေ သက်ရှိထင်ရှားရှိနေတုန်းပါ။ သူတို့နာမည်နှင့်အသံယနေ့အထိ တိမ်မြုပ်နေတာကို ကျွန်မတို့ သဘော မကျပါဘူး။ တရားခံတွေရှိနေရဲ့ သားနဲ့ပြည်သူတွေကလျော်ပေးရမယ့် ၁ဒေါ်လာဆိုတာ မဖြစ်နိုင်ပါဘူး'' ဟု မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရန်တောင်းဆိုသည့်အဖွဲ့မှ ဒေါ်မြင့်မြင့်စိုး ကပြောသည်။

သို့သော်မည်သူများကို မည်သည့်အချိန်တွင် တရားစွဲဆိုသွားမည်ကိုမူ တိတိကျကျပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။

ထို့အပြင် လူထုမှနေ၍ စာချုပ်ကိုဖျက်၍ မရဟုလည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ နောက်ကြောင်းပြန် တရားစွဲဆိုမှုပြုလုပ်၍မရဟုလည်းကောင်း ပြောဆိုနေကြခြင်းမှာ အဓိပ္ပါယ် လွဲမှားပြီးကောက်ယူခြင်းသာ ဖြစ်သည်ဟု  ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ လွှတ်တော် အမတ်ဟောင်း ဒေါ်ညိုညိုသင်းက ပြောသည်။

အလားတူ အဆိုပါလူငယ်များမှ မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးလုပ်ငန်းစဉ်များအတွက် တာဝန်ရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေခံရုံးကိုလည်း မေးခွန်းထုတ်သွားရန်အစီအစဉ်ရှိသည်ဟုလည်း သိရသည်။

မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းပေးရန် ကျောင်းသားလူငယ်အဖွဲ့များ၊ လူမှုရေးအဖွဲ့များ၊ နိုင်ငံရေး စောင့်ကြည့်လေ့လာ သူများနှင့် တက်ကြွလှုပ်ရှား သူများပါဝင်သည့် အဖွဲ့ ၃၀ ကျော်မှ တောင်းဆို ခဲ့ကြခြင်းလည်း ဖြစ်သည်။

ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တည်ဆောက်ရန်စီစဉ်ထားသည့် ဧရာဝတီမြစ်ဆုံစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းပေးရန် တရုတ်သမ္မတထံသို့ လူငယ်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ဧပြီလတတိယအပတ်အတွင်း အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့သွားရန် ရှိကြောင်းလည်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly