ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ပုဒ်မ ၂ ခုဖြင့် တရားစွဲထားမှု ဥပဒေနှင့်မညီဟု ပြော

ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ပုဒ်မ ၂ ခုဖြင့် တရားစွဲထားမှု ဥပဒေနှင့်မညီဟု ပြော

ရန်ကုန်၊ ဧပြီလ ၂၅ ။     ။ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည့်စာများမှာ တပ်မတော်၏ ဂုဏ်သိက္ခာကို ကျဆင်း ထိခိုက်စေသည်ဟု ဆိုကာ တပ်မတော်ဘက်မှ ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ပုဒ်မ ၂ ခုဖြင့် တရားစွဲ ထားသည်မှာ ဥပဒေနှင့် မညီဟု ဒါရိုက်တာမင်းထင်ကိုကိုကြီးဘက်မှ လိုက်ပါဆောင်ရွက်သော တရား လွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောဆိုလိုက်သည်။

တပ်မတော်ဘက်မှ အကြောင်းအရာတစ်ခုကို ဥပဒေနှစ်ရပ်ဖြင့် တရားစွဲဆိုခြင်းမှာ ဥပဒေနှင့်မညီကြောင်း၊ ထိုသို့  ဥပဒေနှင့် ကိုက်ညီမှုမရှိသည့် တရားစွဲဆိုထားမှုအကြောင်းကို အမှုစစ်ဆေးမှု အပြီးသတ်အဆင့်တွင် တင်ပြ သွားမည်ဖြစ်ကြောင်း  တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

" အမှုအနေအထားကတော့ သာမန်နည်းနဲ့ အသရေဖျက်မှုလောက် စွဲလို့ရတာပဲ။ နောက်ဆက်သွယ်ရေးဥပဒေ ပုဒ်မ- ၆၆(ဃ)နဲ့ စွဲစဉ်တုန်းကလည်း ဒီအကြောင်းအရာတွေပဲ။ အဲ့ဒီတော့ အကြောင်းအရာတစ်ခုကို ဥပဒေနှစ် ရပ်နဲ့ စွဲဆိုခြင်းဟာ ဥပဒေနဲ့တော့ မညီဘူးဗျ။ ဒါကိုတော့ ကျွန်တော်တို့ အပြီးသတ်အဆင့်မှာ တင်ပြရမယ်။ အဲဒီတော့ ဥပဒေတစ်ရပ်လောက်ဆိုရင် တော်ရောပေါ့။ အဲ့ဒီအပေါ်မှာလည်းပဲ ကျွန်တော်တို့ စကားပြောရဖို့ရှိပါ တယ်"ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

ဧပြီလ ၂၅ ရက်နေ့၊ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တရားရုံး၌ ဒါရိုက်တာမင်းထင်ကိုကိုကြီးကို  နှစ်ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမှုအပြီးတွင် ဒါရိုက်တာမင်းထင်ကိုကိုကြီးဘက်မှ လိုက်ပါဆောင်ရွက်သော တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်ãစန်းအောင်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

လူသိများထင်ရှားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ) ဖြင့် အင်းစိန်မြို့မရဲစခန်းတွင်တရားစွဲခဲ့ပြီး အင်းစိန်မြို့နယ် တရားရုံးတွင်လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅ဝ၅(က)ဖြင့် ဦးတိုက်လျှောက် တရားစွဲဆိုထားခြင်းဖြစ်သည်။

ကျန်းမာရေးအခြေအနေစိုးရိမ်ရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးဘက်မှ အချုပ်လွတ်အာမခံရရန် အင်းစိန်ြ မို့နယ်တရားရုံးသို့ ၂ ကြိမ်ထိ လျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရပြီး လက်ရှိတွင် အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည်။

" စွဲတဲ့ပုဒ်မက အာမခံကို လွယ်လင့်တကူပေးလို့မရတဲ့ ပုဒ်မဖြစ်နေတော့ တပ်မတော်ကို သွားပြီးတော့ ထိခိုက်သလိုဖြစ်တာပေါ့။ အများပြည်သူရဲ့ အမြင်မှာ တပ်မတော်က တရားစွဲရင် အာမခံဘူးဆိုတဲ့ စကားက ပျံ့လွင့်သွားတယ်"ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်ကပြောသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ဆက်လက်စစ်ဆေးရန်အတွက် အင်းစိန်မြို့နယ်တရားရုံးမှ လာမည့် မေလ ၉ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားကြောင်းသိရသည်။

 

ဓာတ်ပုံ - ရဲနိုင် (လောက်ကိုင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly