ခြေ/ဥပြင်ဆင်ရေး အစည်းအဝေးဆွေးနွေးချက်များ ပြင်ပသို့ ထုတ်ပြောနေမှုအပေါ် တပ်ကိုယ်စားလှယ် ဝေဖန်

ခြေ/ဥပြင်ဆင်ရေး အစည်းအဝေးဆွေးနွေးချက်များ ပြင်ပသို့ ထုတ်ပြောနေမှုအပေါ် တပ်ကိုယ်စားလှယ် ဝေဖန်
 ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီအစည်းအဝေးသို့ တက်ရောက်လာသည့် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း(ဝဲ)နှင့် ဗိုလ်မှူး ဇင်လင်း(ယာ) (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

ရန်ုကုန်(ဧပြီ ၂၅ရက်၊ ၂၀၁၉ခုနှစ်)။      ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစည်း အဝေးအတွင်း ဆွေးနွေးချက်များသည် လျှို့ဝှက်အဆင့် သတ်မှတ်ထားသဖြင့် မီဒီယာများအပါအဝင် ပြင်ပသို့ ထုတ်ဖော်ပြောဆို၍ မရကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောကြားသည်။

“မီဒီယာကို အချို့ကော်မတီဝင်တွေကပြောတာ တွေရှိတယ်။ ပြောတာတွေကျတော့ ဒါဘာပဲပြောပြော စည်းမျဉ်း ဥပဒေနဲ့ မကိုက်ဘူးပေါ့။ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅မှာလည်း ပြောထားပြီး သား။လွတ်လပ်စွာပြောခွင့်ရှိတယ်။ လွတ်လပ်စွာဆန္ဒမဲပေးခွင့်ရှိတယ်။သို့သော် ဒီမှာလျှို့ဝှက်လို့သတ်မှတ် ထားတဲ့ ဟာတွေကိုပြောလို့မရဘူး။ဘာလို့ပြောလို့မရတာလဲဆိုရင် ပြန်တွက်ကြည့်ရင် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာ တစ်နိုင်ငံလုံးနဲ့လည်းဆိုင်တယ်။ အတန်းစားအလွှာအားလုံးနဲ့ဆိုင်တယ်။ အင်မတန်မှ အရမ်း ကျယ်ပြန့်တဲ့ အငြင်းထွက်စရာတွေရှိနိုင်တဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သဘောထားတွေ မတူုတာတွေ အများကြီး ရှိ်နိုင်တယ်” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောသည်။

 လွှတ်တော်အမတ် ၄၅ဦးပါဝင်ပြီး NLD အမတ် အများစုဖြင့် ဖွဲ့စည်းထားသော ပူးပေါင်းကော်မတီတွင် ကော်မတီဝင်အချို့သည် အစည်းအဝေးအတွင်း ဆွေးနွေးချက်များကို မီဒီယာများတွင် ပြောဆိုမှုများရှိသဖြင့် လျှို့ဝှက်အဆင့်ကို ထုတ်မပြောရန် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ယမန်နေ့က ကျင်းပသည့် ပူးပေါင်းကော်မတီအစည်းအဝေးတွင် တင်ပြထားသည်ဟု ၎င်းက ဆိုသည်။

နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ဧပြီ ၂၅ရက်က ကျင်းပသည့် ပူးပေါင်းကော်မတီ အစည်းအဝေး (၁၂/၂၀၁၉) အစည်းအဝေးအပြီးတွင် ပူးပေါင်းကော်မတီ အဖွဲ့ဝင်လည်းဖြစ်သူ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဘာမှ အတည်ပြုနိုင်ခြင်း မရှိသေးဘဲနဲ့ ဒီမှာ ဆွေးနွေးတဲ့ ကိစ္စတွေကို အပြင်မှာ ပြောတဲ့အခါကျတော့ ဆုံးဖြတ်ထားတာလည်း မဟုတ်ဘူး။ အတည်ပြုထားတာလည်း မဟုတ်ဘူး။ လွှတ်တော်ထဲမှာလည်း ဆွေးနွေး ထားတာ မဟုတ်ဘဲ သွားပြောလိုက်ရင် အများပြည်သူအနေနဲ့ ထင်ယောင်ထင်မှားတွေ ဖြစ်နိုင်ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောသည်။

 ထိုဆွေးနွေးချက်များကို အစည်းအဝေးပြင်ပသို့ ဖြန့်ဝေခြင်း၊ ပြောဆိုခြင်း မလုပ်ရန်နှင့် မလိုက်နာပါက အရေး ယူမည်ဖြစ်ကြောင်း ပူးပေါင်းကော်မတီဥက္ကဋ္ဌက ကော်မတီဝင်များကို နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန် စွာ သတိပေးထားသည်ဟုလည်း ပူးပေါင်းကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုး က ယနေ့ အစည်းအဝေးအပြီးတွင် ပြောကြားသည်။

“ဘာတွေဆွေးနွေးတယ်။ ကိုယ့်ပါတီက ဘာတွေတင်တယ်။ ဘာတွေကို ပြင်ဆင်တယ်ဆိုတာ လွှတ်တော်ကို အစီရင်ခံစာ မတင်သွင်းခင်အချိန်ထိ ဒါတွေဟာ လျှို့ဝှက်အနေနဲ့ ထားရှိရမှာ ဖြစ်ပါတယ်။ ဖြန့်ဝေခြင်းလည်း မပြုရဘူး။ ပြောကြားခြင်းလည်း မပြုရဘူးဆိုတာကို အချို့သော ကော်မတီဝင်များ အယူဆလွဲမှားပြီး လိုက်နာ ဆောင်ရွက်ခြင်း မရှိတာကို တွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

 အခန်းပေါင်း (၁၂)ခန်းဖြင့် ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ယနေ့တွင် အုပ်ချုပ်ရေးကဏ္ဍနှင့် ပတ်သက်သည့် အခန်း(၅)အထိ ဆွေးနွေးပြီးဖြစ်သည်။

 “ဒီနေ့ အခန်း(၅) အားလုံး ပြတ်သွားပါပြီ။ ကျန်တဲ့ အပိုင်းတွေကတော့ ဆက်သွားရမှာပေါ့” ဟု ပူးပေါင်း ကော်မတီဝင် ဦးအောင်ကြည်ညွှန့်က ပြောသည်။

ပူးပေါင်းကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးထွန်းထွန်းဟိန်က “အခန်း(၁)ကနေ (၁၂)အထိ ရှိတာမှာ ဒီမှာတက်တဲ့ ပါတီဝင်ကိုယ်စားလှယ်တွေက သူတို့ ပြင်ချင်တဲ့ အချက်တွေကို တင်ပြတာပေါ့။ အဲ့ဒါကို ကျွန်တော်တို့က Data Collection ကောက်(အချက်အလက်စုစည်း)နေတာပါ။ ပြီးရင် လွှတ်တော်ကို အစီရင်ခံစာ တင်ပြရမှာပေါ့” ဟု ဆိုသည်။

 ငါးလအတွင်း လွှတ်တော်သို့ အစီရင်ခံစာ တင်ပြနိုင်ရန် လျာထားသော်လည်း အတိအကျ ပြော၍ မရသေးကြောင်းလည်း ၎င်းက ပြောဆိုသည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် NLD အမတ် ဦးအောင်ကြည်ညွှန့်က  အရေးကြီးအဆို တင်သွင်းခဲ့ပြီး နောက် အဆိုအတည်ဖြစ်ပြီး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

 ပူပေါင်းကော်မတီဖွဲ့စည်းခြင်းသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ခြင်းမရှိဟု တပ်မတော်သား လွှတ်တော်အမတ်များက ထောက်ပြခဲ့ပြီး ပူးပေါင်းကော်မတီ ဖွဲ့စည်းမှုကို သဘောမတူခဲ့ပေ။

 ကနဦးက ပူးပေါင်းကော်မတီအစည်းအဝေးသို့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့နှင့် အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များ မတက်ရောက်ဘဲ နောက်ပိုင်းမှသာ ပါဝင်လာခြင်း ဖြစ်သည်။

 ပြည်ထောင်စုလွှတ်တော်တွင် ၅၈ ဒဿမ ၉ရာခိုင်နှုန်း နေရာရထားသည့် NLD ပါတီက ပူးပေါင်းကော်မတီတွင် ၁၈ဦး၊ ၂၅ရာခိုင်နှုန်း နေရာရထားသည့် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ၈ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၂ဦးစီ၊ ကျန်ပါတီ များက ကိုယ်စားလှယ် ၁ဦးစီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များကိုယ်စား ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း ၄၅ဦးဖြင့် ဖွဲ့စည်းထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required