အပူဒဏ် ပြင်းထန်မှုကြောင့် ချောက်မြို့တွင် အပူရှောင်စခန်းများဖွင့်လှစ်ရ

အပူဒဏ် ပြင်းထန်မှုကြောင့် ချောက်မြို့တွင် အပူရှောင်စခန်းများဖွင့်လှစ်ရ

မကွေး၊ ဧပြီ ၂၅ ။        ။ အပူဒဏ်ပြင်းထန်စွာခံစားနေရသည့် မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ဧပြီလ(၂၅)ရက်နေ့ နံနက်ပိုင်းအထိ အပူရှောင်စခန်း (၂၆) နေရာ ဖွင့်လှစ်ထားကြောင်း သိရသည်။

မြို့ပေါ်ရှိ( ၁၅) နယ်မြေရပ်ကွက် အသီးသီးရှိ ဓမ္မာရုံများတွင် အဆိုပါ အပူရှောင်စခန်းများ ဖွင့်လှစ်ထားကြောင်း၊ အပူရှောင်စခန်းများကို ဆက်လက်ဖွင့်လှစ်သွားရန် အစီစဉ်ရှိကြောင်း ချောက်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက ပြောသည်။

“ချောက်မြို့မှာ ဧပြီ(၁၉)ရက်နေ့ကစပြီး အပူရှိန်က မြင့်တက်လာတယ်။ ( ၄၄) ဒီဂရီ စင်တီဂရိတ်ကနေ နောက်ပိုင်းရက်တွေမှာ ၄၆ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့တယ်။ အဲ့ဒီအတွက် ကျန်းမာရေး ဌာန ကလည်း အပူပြင်းတဲ့အတွက် ဘယ်လိုနေထိုင်သင့်တယ် ဆိုတာတွေကို အသိပညာပေး လက်ကမ်းစာစောင် တွေ ဖြန့်ဝေထားတယ်။ မြစ်နဲ့နီးတဲ့နေရာတွေကိုလည်း မနက်(၁ဝနာရီကနေညနေ ၅နာရီ)အထိ မြစ်ရေ ဆင်းမချိုးဖို့ သတိပေးတာတွေဆောင်ရွက်နေပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက ပြောသည်။

အဆိုပါ အပူရှောင်စခန်းများကို မြို့နယ် ကုသရေးနှင့် ကျန်းမာရေး၊ မိခင်နှင့် ကလေးကျန်းမာရေးအဖွဲ့များ ပူးပေါင်းပြီး ဧပြီလ(၂၃)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ကြောင်း အပူရှောင်စခန်းများကို နေ့လယ် (၁၂) နာရီမှ ညနေ (၅) နာရီအထိ ဖွင့်လှစ်ထားပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ထာဝန်ရှိသူများက ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

 “အပူရှောင်စခန်းစဖွင့်တဲ့ (၂၃)ရက်နေ့က အပူချိန်က(၄၆)ဒီဂရီစင်တီရိတ်အထိ မြင့်တက်ခဲ့တယ်။ စဖွင့်တဲ့နေ့က တစ်ချို့မသိတဲ့လူတွေရှိတယ်ထင်တယ်။ အပူရှောင်စခန်းတွေမှာ သက်ကြီးရွယ်အိုတွေ လာရောက်မှုနည်းတယ်။ အခုရက်(၂၄ ရက်နဲ့ ၂၅ရက်)နေ့တွေမှာလည်း အပူရှိန်ကလျော့ကျခဲ့တယ်။ (၄၄)ဒီဂရီစင်တီဂရိတ်အထိ ကျ သွားတယ်။ (၂)ဒီကရီစင်တီဂရိတ် ကျသွားတော့ အပူရှောင်စခန်းတွေကို သက်ကြီးရွယ်အိုတွေ လာရောက်မှုနည်းပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက ပြောပြသည်။

လက်ရှိတွင် အပူရှိန်ကြောင့် ကျန်းမာရေးထိခိုက်ပြီးဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ဆေးကုသမှုများ မရှိကြောင်း ချောက်မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။

“ အပူရှောင်စခန်းတွေ ဖွင့်ပေးထားတာ ကောင်းပါတယ်။ ဒီစခန်းတွေမှာ သက်ကြီးရွယ်အိုတွေ စုနေပြီးသား ဖြစ်တဲ့အတွက် အလှူရှင်တွေ ရှိစေချင်ပါတယ်။ နေ့လယ်ဘက် အစာပြေမုန့်လေးတွေ အချိုရည်လေးတွေ တိုက်စေချင်တာပေါ့။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း တိုင်းဒေသကြီး အစိုးရ ဆီကနေ အကူအညီတောင်း လုပ်ပေးမယ်ဆို ပိုကောင်းတာပေါ့” ဟု အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သော ကိုလင်းလင်းထွန်းက ပြောသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့အတွက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် အမြင့်ဆုံး ခန့်မှန်းအပူချိန်စံချိန်များမှာ မကွေး၊ မုံရွာ ၊ ပုသိမ် ၊ ဘားအံ အပူချိန် ၄၂ဒီဂရီ စင်ဒီဂရိတ်အထိ ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly