နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တရုတ် ဝန်ကြီးချုပ် တို့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တရုတ် ဝန်ကြီးချုပ် တို့ တွေ့ဆုံဆွေးနွေး
ဓာတ်ပုံ - EPA

ဧပြီ ၂၅ ။                   ။ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ဖို့ တရုတ်နိုင်ငံမှာ ရောက်ရှိနေလျက်ရှိတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ ဧပြီ ၂၅ ရက်မှာ  တရုတ်ဝန်ကြီးချုပ် မစ္စတာ လီခချန် နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

လာမယ့်နှစ်ဟာ တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး နှစ် (၇၀) ပြည့်မြောက်မယ့် အထိမ်းအမှတ်ကျရောက်တော့မှာဖြစ်တာနဲ့အတူ တရုတ်အစိုးရအနေနဲ့ မြန်မာနဲ့အကြား နိုင်ငံရေးဆိုင်ရာ အပြန်အလှန် ယုံကြည်မှု တိုးမြှင့်ရေး၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နဲ့ အပြန်အလှန် တိုးတက်မှုတွေ အောင်မြင်ရေး တို့အတွက် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း မစ္စတာ လီက ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာနဲ့အကြား ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာတွေရဲ့ အကျိုးရလဒ်တွေကို တိုးမြှင့်ဖော်ဆောင်သွားနိုင်ဖို့ နဲ့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် ဖော်ဆောင်မှု တိုးတက်ရေးအတွက် တရုတ်ဘက်က ဆန္ဒရှိတယ်လို့ ၎င်းက ထပ်လောင်းပြောပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေး၊လူမှုရေး ဖွွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်ဘက်က အခိုင်အမာ အားပေးထောက်ခံမှုအပေါ် ကျေးဇူးတင်ပါကြောင်းနဲ့ နှစ်နိုင်ငံ အပြန်အလှန်အကျိုးရှိစေမယ့် လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြင့်လုပ်ဆောင်သွားချင်ပါကြောင်း ပြန်လည် ဆွေးနွေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ယင်းတွေ့ဆုံမှုအပြီးမှာ ခေါင်းဆောင်နှစ်ဦးရှေ့မှောက်မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly