နွံကန်ပေါက်ကျမှုကြောင့် သေဆုံးသူများကို ကုမ္ပဏီမှလျော်ကြေးပေးမည်ဟု သိရ

နွံကန်ပေါက်ကျမှုကြောင့် သေဆုံးသူများကို ကုမ္ပဏီမှလျော်ကြေးပေးမည်ဟု သိရ
ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ ဧပြီ ၂၅ ။               ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုပေါ်သို့ နွံကန်ပေါက်ကျလာမှုကြောင့် သေဆုံး သွားရသည့်သူများ၏ မိသားစုဝင်များကို ကုမ္ပဏီမှ တစ်ဦးလျှင် ကျပ်သိန်း ၃၀၀ နူန်းဖြင့်လျော်ကြေးပေးမည်ဟု သိရကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတင့်စိုးက မဇ္စျိမသို့ပြောသည်။

 “ သေဆုံးသွားတဲ့သူတွေထဲက မြန်မာသူရကုမ္ပဏီ ၂၈ ယောက်၊ နဂါးကိုးကောင်ကုမ္ပဏီ ကတော့ ၂၆ ယောက် မြန်မာသူရကုမ္ပဏီကတော့ အလုပ်သမား တစ်ယောက်ကို သိန်း ၃၀၀ နူန်းနဲ့မနေ့ကအထိ ၁၂ ယောက် ရှင်း သွားပြီးတော့ ယူသွားကြပြီဗျ”  ဟု ၎င်းကဆိုသည်။

အလားတူ နဂါးကိုးကောင်ကုမ္ပဏီဘက်မှလည်း မြန်မာသူရကုမ္ပဏီနည်းတူ လျော်ကြေးပေးမည်ဟု သိရထား သော်လည်း တရားဝင်ပြောဆိုထားခြင်းမျိုးတော့ မရှိသေးကြောင်း ဦးတင့်စိုးကဆိုသည်။

 ဧပြီလ ၂၃ ရက်နံနက်အစောပိုင်း ၁၂နာရီ မိနစ် ၂၀ က အဆိုပါအလုပ်လုပ်ကိုင်နေသည့် လုပ်ကွက်ကျင်းအပေါ် သို့ နံဘေးတွင်ရှိသော ၅ ဧကခန့် အကျယ်ရှိနွံကန်ထဲမှ ရေများနှင့် ရွှံများ ရောနောနေသည့်နွံအရည်များက ကျရောက်ကာ ဖုံးလွှမ်းမိခဲ့ခြင်းဟုလည်း သိရသည်။

ယင်းနှစ်မြှုပ်ခဲ့သည့်နေ့မှစတင်ကာ အလောင်းများကိုပြန်လည်ဆယ်ယူနေပြီး ပျောက်ဆုံးနေသူ  ၅၄ဦးအနက် ၆ ဦးကို ပြန်လည်တွေ့ထားကြောင်း ပြန်တွေ့သူများထဲတွင် ၃ ဦးမှာ သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဧပြီ ၂၄ ရက်တွင်ထုတ်ပြန်ခဲ့သည်။

“ တကယ်တန်းပွင့်ပွင့်လင်းလင်းပြောရရင် မလွယ်ဘူးဗျ။ နောက်ထပ်ဆယ်တဲ့သူတွေအတွက်ပါ။ အသက် အန္တရာယ်ဖြစ်နိုင်စရာအများကြီးရှိတယ် “ ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတင့်စိုးက ပြောသည်။

ထို့အပြင် ရွှေနဂါးကိုးကောင်ကုမ္ပဏီမှ အသက် ၂၁ နှစ်အရွယ် အောင်မိုး အပါအဝင် ၂ ဦးကို နောက်ကျော၊ ဝဲလက် ပွန်းပဲ့ဒဏ်ရာ၊ မြန်မာသူရကုမ္ပဏီမှ အသက် ၁၉ နှစ်အရွယ် အောင်ကိုဦးကို ယာပေါင်ကျိုးဒဏ်ရာနှင့် ပြန်လည်တွေ့ရှိခဲ့ပြီး ဖားကန့်ပြည်သူ့ဆေးရုံမှ တဆင့် မြစ်ကြီးနားဆေရုံသို့ ပို့ဆောင်ထားကြောင်း၊ သေဆုံးသူ ရုပ် အလောင်း ၃ လောင်းကိုလည်း ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းပြည်ထဲရေးမှထုတ်ပြန်ခဲ့သည်။

 နွံကန်ပေါက်ကျမှုကြောင့် ပျောက်ဆုံးနေသူ ၅၄ ဦးအပြင် မြေသယ်ယာဉ် ၁၅ စီး၊ ဘတ်ဟိုး ၁၉ စီး၊ ကျောက် ဖောက်စက် ၅ စီး နစ်မြှုပ်ပျောက်ဆုံးနေခြင်းဖြစ်ပြီး လက်ရှိတွင် မြေသယ်ယာဉ် ၁ စီးကိုလည်း ပြန်လည်တွေ့ရှိ ထားကြောင်းလည်းသိရသည်။

 သေဆုံးလျက်တွေ့ရှိခဲ့သည့် ဦးငွာန်ဇာကမ်ပါ အမျိုးသား ၃ ဦးသေဆုံးမှုကိုလည်း  ဖားကန့်မြို့မရဲစခန်းတွင် သေမှု သေခင်းအမှတ်စဉ်(၁ဝ/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly