ပြည်သူ့ဗဟိုပြုစနစ် ရာနှုန်းဝက်သာ ရောက်သေးသည်ဟု ဦးအောင်သိန်းလင်းပြော

ပြည်သူ့ဗဟိုပြုစနစ် ရာနှုန်းဝက်သာ ရောက်သေးသည်ဟု ဦးအောင်သိန်းလင်းပြော

ရန်ကုန်၊ အောက်တိုဘာ ၅။        ။ လက်ရှိအစိုးရအနေဖြင့် ပြည်သူ့ဗဟိုပြုစနစ်သို့ ရာနှုန်းတစ်ဝက်ခန့်သာ ရောက်သေးပြီး ပြည်သူများ၏ နစ်နာမှုကို ဖြေရှင်းပေးရန် လိုအပ်နေသေးကြောင်း ပြည်သူ့လွှတ်တော်အမတ်လောင်း ဦးအောင်သိန်းလင်းက မဇ္ဈိမကို ပြောသည်။

"အစိုးရက ၅နှစ်သာရှိတယ်။ ဒီမိုကရေစီအစိုးရသာ ပြောတယ်။ ဒီဝန်ထမ်းတွေရဲ့ အကျင့်ကို မပြောင်းနိုင်ပါလားလို့ ကျွန်တော်ထင်တယ်။  ပြည်သူကို ဗဟိုပြုတဲ့ဟာကို ကျွန်တော့်စံနှုန်းနဲ့ တွက်မယ်ဆိုရတော့ ၅၀ ရာခိုင်နှုန်းလောက်ပဲ ပြောင်းသေးတယ်။ ဥပမာဆိုရင် သန်လျင်မှာ သိမ်းထားတဲ့မြေတွေ လုပ်ငန်းမလုပ်ရင် ပြန်ပေးရမယ်။ ပြန်ပေးဖို့လည်း ပြောထားတယ်။ ဒါပေမယ့် အခုချိန်ထိ တစ်ကယ်နစ်နာတဲ့သူတွေကို ပြန်မပေးသေးဘူး။" ဟု ၎င်းကပြောသည်။

လက်ရှိဖော်ဆောင်နေသည့် ဒီမိုကရေစီအရ တိုင်းပြည်အတွင်းလွတ်လပ်မှု၊ တရားမျှတမှုများများ ရှိရမည်ကို ပြည်သူ အားလုံးသိရှိပြီးသော်လည်း လုပ်ပိုင်ခွင့်အပေါ်အကြောင်းပြကာ တရားမမျှတမှုများ ရှိနေသေးသည်ဟုလည်းပြောသည်။

ဦးအောင်သိန်းလင်းသည် လက်ရှိတောင်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှပင် ၂၀၁၅ ရွေးကောက်ပွဲကို ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဇူလိုင်လ ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲတွင် ဗဟိုအလုပ်အမှုဆောင်အဖြစ်မှ သာမန်ပါတီဝင်အဖြစ်သာ ပြန်လည်ပါဝင်ခဲ့ရသူလည်းဖြစ်သည်။

တပ်မတော်အစိုးရလက်ထက်တွင်လည်း ဗိုလ်မှူးချုပ်အဆင့်ဖြင့် ရန်ကုန်မြို့တော်ဝန်အဖြစ် ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည့် ဦးအောင်သိန်းလင်းက "ကျွန်တော်မြေယာကော်မရှင်မှာပါတဲ့အခါ မြေသိမ်းခံရသူတွေရဲ့တစ်ဖက်စောင်းနင်းကျမှုတွေကို အကုန်လုံး သိလာရတယ်။ ဒီအပေါ်မူတည်ပြီး ကိုယ်ဘာလုပ်သင့်လဲဆိုတာကို ပင်ကိုယ်စိတ်ပေါ်အခြေခံပြီးတော့မှ စဉ်းစားချက်တွေ ပေါ်လာတယ်။ လူတိုင်းတော့ မတရားတာ၊ တစ်ဖက်သတ် နစ်နာတာ မကြိုက်ဘူး။" ဟုပြောသည်။

ပြည်သူ့ဘက်တော်သားစစ်စစ်ဖြစ်သည့် သမိုင်းကိုလိုချင်သည်ဟုလည်း ဦးအောင်သိန်းလင်းက အောက်တိုဘာ ၅ရက်နေ့ မဇ္ဈိမ၏ တွေ့ဆုံမေးမြန်းမှု၌ ဖြေကြားထားသည်။

"ဗိုလ်ချုပ်အောင်ဆန်းလို အလွန်မြင့်မြတ်ကြီးကျယ်တဲ့သမိုင်းတော့ မမှီပါဘူး။ သာမန်ပေါ့ဗျာ။ လူထုကိုယ်စားလှယ် ပြည်သူ့ဘက်တော်သား ဖြစ်ခဲ့တယ်ဆိုတဲ့သမိုင်းကို လိုချင်တာပါ။" ဟုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly